Skip to main content

EU နှင့် ဂျပန်တို့သည် ၎င်းတို့၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်တွင် နယ်စပ်ဖြတ်ကျော်သတင်းအချက်အလက်စီးဆင်းမှုဆိုင်ရာ စည်းမျဉ်းများထည့်သွင်းရန် ညှိနှိုင်းမှုများစတင်ခြင်း

အီးယူနှင့် ဂျပန်တို့သည် ကုန်သွယ်မှုဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံများဖြစ်သည့်အလျှောက် ၎င်းတို့လက်မှတ်ရေးထိုးထားသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (Economic Partnership Agreement-EPA) တွင် သတင်းအချက်အလက် စီးဆင်းမှုဆိုင်ရာ စည်းမျဉ်းများအား ထပ်မံထည့်သွင်းနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးကိုနောက် တစ်ဆင့်တက်ရန် သဘောတူခဲ့ကြသည်။

နှစ်နိုင်ငံအကြား တရားဝင်ညှိနှိုင်းဆွေးနွေးပွဲများကို ဘရပ်ဆဲလ်မြို့တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပါသည်။ ဒစ်ဂျစ်တယ်လုပ်ငန်းများ သည် ဥရောပကော်မရှင်အတွက် ထိပ်တန်းဦးစားပေးဖြစ်ပြီး ဂျပန်နှင့် EU တို့၏ သဘောတူညီချက်တွင် ခေတ်မီဒစ်ဂျစ်တယ် ကုန်သွယ်မှုစည်းမျဉ်းများကိုထည့်သွင်းခြင်းဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်ရှိ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများကို အကျိုးရှိစေမည်ဖြစ်ပါသည်။

နယ်စပ်ဖြတ်ကျော် သတင်းအချက်အလက် စီးဆင်းမှုဆိုသည်မှာ နိုင်ငံနယ်နိမိတ် တစ်လျှောက်ရှိ servers များအကြား သတင်းအချက်အလက်ရွေ့လျားမှုကို ဆိုလိုပါသည်။ မည်သည့်နေရာတွင် မဆို လိုအပ်သည့်သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုများကို ရရှိနိုင်မှာဖြစ်ပါသည်။ လူတစ်ဦးချင်းမှသည် စီးပွားရေးလုပ်ငန်းကြီးများအထိ လူတိုင်းသည် နိုင်ငံတကာသတင်းအချက်အလက်လွှဲပြောင်းမှုအပေါ် မှီခိုအားထားနေရပါသည်။ ဥပမာအားဖြင့် ဘဏ်များသည် နိုင်ငံတကာသတင်းအချက်အလက်လွှဲပြောင်းမှုအပေါ် ကြီးကြီးမားမားမှီခိုနေရပြီး ကုန်ပစ္စည်းထုတ်လုပ်သူများ၊ ကုန်စည်ပို့ဆောင်ရေး အော်ပရေတာများနှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများသည် အီလက်ထရွန်နစ် သတင်းအချက်အလက် လွှဲပြောင်းမှုကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့၏ စက်ပစ္စည်းများနှင့် မော်တော်ယာဉ်များ၏ လုပ်ငန်းလည်ပတ်မှုကို ခြေရာခံနိုင်စေပါသည်။

အီးယူ-နယူးဇီလန် ကုန်သွယ်ရေးသဘောတူညီချက်နှင့် အီးယူ-ယူကေကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှစ်ခုစလုံးတွင် နယ်စပ်ဖြတ်ကျော် သတင်းအချက်အလက်စီးဆင်းမှုဆိုင်ရာ ခေတ်မီနည်းဥပဒေများ ထည့်သွင်းထားပြီး အီးယူသည် ၎င်း၏ လက်ရှိ ညှိနှိုင်းဆဲ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ e-commerce ဆိုင်ရာညှိနှိုင်းမှုများတွင် အဆိုပါခေတ်မီစည်းမျဉ်းများကို ထည့်သွင်းရန် ရည်ရွယ်ထားပါသည်။ ဂျပန်သည် အင်ဒို-ပစိဖိတ်ဒေသရှိ EU ၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ပြီး အာရှတွင် ၎င်း၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်သဖြင့် ဂျပန်နှင့် EPA တွင်လည်း အလားတူစည်းမျဉ်းများကို ထည့်သွင်းသဘောတူရန် ရည်ရွယ်ထားပါသည်။

အီးယူ-ဂျပန်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (EPA) အသက်ဝင်ပြီး နောက်(၃)နှစ်အတွင်း နယ်စပ်ဖြတ်ကျော် သတင်းအချက်အလက်စီးဆင်းမှုဆိုင်ရာ ပြဋ္ဌာန်းချက်များထည့်သွင်းရန် အကဲဖြတ်မှုကိုပြုလုပ်ခဲ့ပြီး အီးယူနှင့်ဂျပန်တို့သည် ယခုအခါ တရားဝင်ညှိနှိုင်းမှုများစတင်ရန် အသင့်ဖြစ်နေပြီဖြစ်ပါသည်။ ပထမအကြိမ်ညှိနှိုင်းခြင်းကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပသွားမည်ဖြစ်ပါသည်။

Source: Europe news