Skip to main content

ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများအတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အသုံးချရေး သင်တန်းဖွင့်လှစ်ပို့ချ

နေပြည်တော် အောက်တိုဘာ ၂၆

စီးပွားရေးသံမှူးများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ၏စီးပွားရေးအခြေအနေကိုသာမက ကမ္ဘာ့စီးပွားရေးအခြေအနေကိုပါ ခြုံငုံသိရှိထားရန်လိုအပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ပြောကြားသည်။

ယနေ့နံနက်ပိုင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အသုံးချရေး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိနိုင်ငံမှ အဓိကပို့ကုန်အလားအလာရှိသော ဈေးကွက်များ၊ ပို့ကုန်အမည်သစ် များတင်ပို့မှုဆိုင်ရာအချက်အလက်များ၊ သွင်းကုန်ဆိုင်ရာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိထားပြီး မြန်မာ့ပို့ကုန်များအတွက် ဈေးကွက်ရှာဖွေချိတ်ဆက်ပေးရန်လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အခွန်နှင့်လုပ်ထုံးလုပ်နည်းဆိုင်ရာဖြေလျှော့မှုများကို မျက်ခြည်မပြတ် လေ့လာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ချိတ်ဆက်သွားရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများတွင် တာဝန်ထမ်းဆောင်သည့်အခါ နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ပြည်ပနိုင်ငံ ၁၂ နိုင်ငံသို့ စေလွှတ်မည့် စီးပွားရေးသံမှူး ၁၆ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်