Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တိုက်ကြီးနှင့် မှော်ဘီတပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် တိုက်ကြီးနှင့် မှော်ဘီတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တပ်နယ်ခန်းမများတွင် သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် နိုင်ငံတော်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ အမျိုးသားရည်မှန်းချက် ၂ ရပ်အဖြစ် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးနှင့် နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း အကြောင်းအရင်းနှင့် ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတော်၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ။

တပ်မတော်နှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူချိန်မှစပြီး စားရေရိက္ခာပြည့်ဝဖူလုံရေးအတွက် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးကို မူဝါဒများချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သဖြင့် တပ်တွင်းစားဝတ်နေရေးကို အဆင်ပြေစေပြီး ဖူလုံပိုလျှံသော ထွက်ကုန်များကို ဒေသခံပြည်သူများသို့ သက်သာသောနှုန်းထားများဖြင့် ရောင်းချနိုင်ခဲ့သည့်အခြေအနေများ၊ စစ်သည် မိသားစုဝင်များအတွက် စားရေး၊ နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ရေးများတွင် သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ၂၄ နာရီ အပြည့်အဝတာဝန်ထမ်းဆောင်နိုင်ရန် လုံခြုံရေးအသိ၊ လုံခြုံရေးသတိမပြတ်ရှိနေရန် လိုအပ်သည့်အခြေအနေများ၊ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး ၄ ရပ်နှင့်တပ်နေပျော်ရေးတို့ကို အဆက်မပြတ် အကောင်ထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အရာရှိ/စစ်သည်/ မိသားစုဝင်များအနေဖြင့် အသိမှန်မှအလုပ်မှန်မည်ဖြစ်၍ အသိမှန်စေရေးအသေးစိတ်ရှင်းလင်းမှာကြားခဲ့ပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် တပ်နယ်များအလိုက် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။