Skip to main content

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၆

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းက ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို (၄)လတစ်ကြိမ် ပုံမှန်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်(၄၁/၂၀၂၂) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၎င်းဥပဒေအရ မိမိတို့၏လုပ်ငန်းအဖွဲ့ကို လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆)ရဲ့ (၂၀၂၂)ခုနှစ်၊ လုပ်ငန်းစီမံချက်ပါလုပ်ငန်းရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို အထောက်အထား၊ အချက်အလက်၊ စာရင်းဇယား၊ မှတ်တမ်းဓါတ်ပုံများနှင့်တကွ ပေါ်လွင်အောင်ရေးသားဖော်ပြရန်၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေတွင်ရှိသည့် ထိခိုက်လွယ် ရွှေ့ပြောင်းအလုပ်သမားများကိုလည်း စိစစ်ဖော်ထုတ်ကူညီပေးနိုင်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ၁/၂၀၂၂ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူများက မိမိတို့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ဆွေးနွေး ခဲ့ကြကာ အစည်းအဝေးဆုံးဖြတ်ချက် (၁၅)ချက်ချမှတ်ခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)