နေပြည်တော် အောက်တိုဘာ ၂၆
စက်ရုံများအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်မှသာ စီးပွားရေးတွက်ချေကိုက်မည်ဖြစ်သဖြင့် ဝန်ထမ်းအားလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အိမ်သုံးပစ္စည်းစက်ရုံနှင့် အထည်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးစဉ် တိုက်တွန်းပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် အောက်တိုဘာ(၂၄)ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)၊ မြစ်သားမြို့ရှိ အမှတ်(၇) အထည်စက်ရုံ(မြစ်သား)၊ အမှတ်(၇) အထည်စက်ရုံခွဲ(ဝမ်းတွင်း)နှင့် ရမည်းသင်းမြို့ရှိ အမှတ်(၈)အထည်စက်ရုံခွဲ (ရမည်းသင်း)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စက်ရုံရှိ စက်ပစ္စည်းကိရိယာအားလုံးကို ကောင်းမွန်အောင်ပြုပြင်ထားရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားသော ဆေးရုံသုံးပရိဘောဂနှင့် ပစ္စည်းများကို အချိန်မီထုတ်လုပ်ပေးနိုင်ရေးဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အမှာစာများပေါ်တွင် မူတည်၍ ဆောင်ရွက်မနေဘဲ စျေးကွက်ကို သုတေသနပြုလုပ်၍ ဆောင်ရွက်ကြရန်၊ စက်ရုံမှထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာပြီး အရည်အသွေး ကောင်းမွန်အောင် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးက နိုင်ငံအတွင်း၌ အဝတ်အထည်လိုအပ်ချက်သည် လွန်စွာကြီးမားသည့်အတွက် အရည်အသွေး ကောင်းမွန်သည့်ချည်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ လိုအပ်သောကုန်ကြမ်းများကို အချိန်မီရရှိအောင် ကြိုတင်စီမံဆောင်ရွက်ထားရန်၊ စမ်းသပ်ထုတ်လုပ်လျက်ရှိသည့် ချည်မျှင်များ အောင်မြင်စွာထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ ချည်မျှင်တစ်ပင်ချင်းစီ၏ ခိုင်အား၊ ဆွဲဆန့်ခံနိုင်မှုအား ကောင်းမွန်ရေးဆောင်ရွက်ရန်၊ ချည်မျှင်များ စမ်းသပ်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောစက်ပစ္စည်းများကို ဝယ်ယူဖြည့်တင်းသွားရန်နှင့်ပြုပြင်နေသည့် စက်ပစ္စည်းကိရိယာများကိုလည်း အမြန်ဆုံးကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ပညာရေးဝန်ကြီးဌာနမှ မှာယူထားသည့် ကျောင်းစိမ်းလုံခြည်နှင့် ပုဆိုးများအား အချိန်မီထုတ်လုပ်ပေးပို့နိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ကြရန် ဖြည့်စွက်မှာကြားသည်။
အဆိုပါစက်ရုံများသို့ ရောက်ရှိစဉ်တာဝန်ရှိသူများက စက်ရုံဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းလည်ပတ်အကောင်အထည်ဖော်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက စက်ရုံများအတွင်းဆေးရုံသုံးပစ္စည်းများ၊ အိမ်သုံး စတီးလ်ပစ္စည်းများနှင့် ပလတ်စတစ်ပစ္စည်းများထုတ်လုပ်နေမှု၊ ချည်မျှင်ထုတ်လုပ်နေမှု၊ လုံခြည်နှင့်ပုဆိုးများရက်လုပ်နေမှု၊ အဝတ်အထည်များနှင့် ခြင်ထောင်များချုပ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
(သတင်းစဉ်)