Skip to main content

မင်းဘူး - အမ်း - စစ်တွေလမ်း ကွန်ကရစ်လမ်းခင်းနေမှု၊ ဆတ်ရိုးကျတံတားကြံ့ခိုင်မှုနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းတွင် မင်းဘူး - အမ်း - စစ်တွေလမ်း ကွန်ကရစ်လမ်းခင်းနေမှု၊ ဆတ်ရိုးကျတံတားကြံ့ခိုင်မှုနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဘူး - အမ်း - စစ်တွေလမ်း(စစ်တွေမြို့နယ်အပိုင်း) ၂၄ ပေ အကျယ် ကွန်ကရစ်လမ်းခင်းနေမှုကို ကြည့်ရှုစစ်ဆေးစဉ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ကလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက သတ်မှတ်ချိန်ပြီးစီးရေး၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အလေးဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ စစ်တွေမြို့ လမ်းမတော်ရပ်ကွက်နှင့် ဆတ်ရိုးကျကျေးရွာအား ဆက်သွယ်ထားသည့် ဆတ်ရိုးကျတံတား ကြံ့ခိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရေလယ်တိုင်များကြံ့ခိုင်မှုနှင့် တံတားကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သည့် သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်သော စည်းကမ်းမဲ့ယာဉ်များ သွားလာမှုမရှိစေရေးနှင့် ရေလမ်းကြောင်း ပြောင်းလဲမှုကြောင့် ပင်မတံတား ရေလယ်တိုင်နှင့် ချဉ်းကပ်တံတားကြံ့ခိုင်မှု ထိခိုက်မှုမရှိစေရေး အလေးဂရုပြုရန် မှာကြားသည်။

အိန္ဒိယ - မြန်မာ ချစ်ကြည်ရေးစီမံကိန်းဖြစ်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းအား ကြည့်ရှုစစ်ဆေးစဉ် လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ်က အိန္ဒိယနိုင်ငံ အထောက်အပံ့ဖြင့် ဆောင်ရွက်နေသော ပလက်ဝ- ဇိုရမ်ပူရ်လမ်းနှစ်လမ်းသွား ဖောက်လုပ်မည့် စီမံကိန်းကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည် များမှာကြားကာ စီမံကိန်းဆိပ်ကမ်းပတ်လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုသည်။

ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ပြည်ထောင်စုလမ်းပေါ်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာဝင်းအတွင်း ရုံးထပ်မံတိုးချဲ့ ဆောက်လုပ်နိုင်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး စစ်တွေမြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ရုံးခန်းမဆောင်၌ ဝန်ထမ်းများနှင့်အတူ မိတ်ဆုံစားပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်