Skip to main content

နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၆၅၂ တွဲ ရောင်းချခဲ့ရ

နေပြည်တော် အောက်တိုဘာ ၂၄

၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်စိမ်းအရိုင်းတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင်ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် ၇၅၁ မှ အတွဲအမှတ် ၁၅၀၀ အထိ ကျောက်စိမ်းအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ထို့နောက် ကျောက်စိမ်းအတွဲအမှတ် ၇၅၁ မှ အတွဲအမှတ် ၁၅၀၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်စိမ်းအတွဲပေါင်း ၆၅၂ တွဲရောင်းချရကြောင်း ကြေညာသည်။

ပြပွဲနောက်ဆုံးနေ့တွင် ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲအမှတ် (၁၅၀၁)မှ အတွဲအမှတ် (၂၁၀၀) ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ အတွဲပေါင်း ၃၆၂ တွဲ၊ ကျောက်မျက်အတွဲ ၁၂၀ အနက်မှ အတွဲပေါင်း ၅၅ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အနက်မှ ၆၆၅ တွဲ ရောင်းချခဲ့ရပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကိုလည်း အောက်တိုဘာ ၂၅ ရက်နေ့တွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။

ယနေ့ရောင်းချသည့် ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့်လည်းကောင်း ပေးချေသွားရမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်