Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ ရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကိုဗစ်−၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

အစည်းအဝေးသို့ အခမ်းအနားကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးကိုကိုက ယခုနှစ် ကထိန်အလှူခံကျောင်းအဖြစ် ရဟန်း၊ သာမဏေ ၃၀၆ ပါးရှိသည့် မစိုးရိမ်တိုက်သစ် ကျောင်းတိုက်ကို ရွေးချယ်ထားပြီး အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ကြီး အမှူးပြုသော ဆရာတော်ကြီး နှစ်ပါး၊ ဒေသခံပင့်သံဃာတော်များဖြစ်သည့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီး ၁၀ ပါး၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးသုံးပါး၊ နေပြည်တော် သံဃနာယကအဖွဲ့ဆရာတော်ကြီး ငါးပါးနှင့် ကထိန်အလှူခံကျောင်းတိုက်မှ ဆရာတော်ကြီး ခုနစ်ပါး စုစုပေါင်း ဆရာတော်ကြီး ၂၇ ပါးတို့ကို လျာထား၍ပင့်ဆောင်ပြီး ဆက်ကပ်လှူဒါန်း သွားမည် ဖြစ်ပါကြောင်း။

အထူးဂရုပြုရမည်မှာ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကျွေးမွေးဧည့်ခံခြင်းတို့တွင် ဝေယျာဝစ္စဆောင်ရွက်မည့် ရုံးဝန်ထမ်းများနှင့် ဟိုတယ်ဝန်ထမ်း များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ် ပြည့် ထိုးနှံပြီးသူများဖြစ်ပြီး RFID ကတ်ပြုလုပ်ထားရှိသူများကိုသာ တာဝန်ပေးအပ်ရန်နှင့် စိစစ်အတည်ပြုပြီး ဖြစ်သည့် ဝန်ထမ်းများ ပြောင်းလဲမှုမရှိစေဘဲ ပုံသေထားရှိဆောင်ရွက်သွားရေး လုံခြုံရေးဆပ်ကော်မတီနှင့် ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအေးထွန်းက ယခင်နှစ်က ကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် တွေ့ရှိရသည့် အားနည်းချက်၊ အကြံပြုချက်များအပေါ် ဆောင်ရွက်ထားရှိမှုများ၊ ယခုနှစ်ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိသည့် အခြေအနေကို ဆွေးနွေးတင်ပြပြီး ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကာ တက်ရောက်လာကြသော ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများက အကြံပြု ဆွေးနွေးကြသည်။

ယင်းနောက် အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားကြီးဖြစ်၍ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး ဆပ်ကော်မတီ အသီးသီးတို့က အထူးကြိုးစားပြီး ဆောင်ရွက်ပေးကြပါရန်နှင့် စေတနာသဒ္ဓါတရားထည့်၍ ကုသိုလ်ယူ ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်