နေပြည်တော် အောက်တိုဘာ ၁၉
စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စက်သုံးဆီ အမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ စက်သုံးဆီတင်သွင်းမှု အခြေအနေမှာ အောက်တိုဘာ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Glory Star သင်္ဘောသည် ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၃၉ ဂါလန်သန်း ဆီချလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး ဓာတ်ဆီ 92 Ron ၀ ဒသမ ၅၀ ဂါလန်သန်း နှင့် ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၁၂ ဂါလန်သန်း တင်ဆောင်လာသည့် MT Fly Marlin သင်္ဘော၊ ရိုးရိုး ဒီဇယ်ဆီ ၁ ဒသမ ၇၃ ဂါလန် သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၅၅ ဂါလန်သန်း တင်ဆောင် လာသည့် MT Beluga Pacific သင်္ဘောနှင့် ဓာတ်ဆီ 92 Ron ၁ ဒသမ ၈၄ ဂါလန်သန်း၊ ရိုးရိုး ဒီဇယ်ဆီ ၂ ဒသမ ၁၄ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၀၆ ဂါလန်သန်း တင်ဆောင်လာသည့် MT Yu Hai သင်္ဘောတို့သည် အောက်တိုဘာ ၁၉ ရက်တွင် သက်ဆိုင်ရာ Terminal များသို့ ဆိုက်ကပ်၍ ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ရန်ကုန်၊ သီလဝါဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန် အခြေအနေ များအရ စက်သုံးဆီဖူလုံမှု ရှိကြောင်း စိစစ်တွေ့ရှိရသည်။
စက်သုံးဆီ ဈေးနှုန်းများ အနေဖြင့် ယခုရက်သတ္တပတ် တွင် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ အနည်းငယ် မြင့်တက်လာသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ သိသိသာသာ ပြောင်းလဲမှုမရှိကြောင်း သတင်း ရရှိသည်။