နေပြည်တော် အောက်တိုဘာ ၁၉
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့အခြေစိုက် အာဆီယံ- တရုတ်ဗဟိုဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့ ပူးပေါင် းကျင်းပပြုလုပ်သည့် တရုတ်ဘာသာ စကားသင်တန်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲနှင့် မွန်းလွဲပိုင်းတွင် မြန်မာ-ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ၂၀၁၁ ခုနှစ် မှစတင်ကာ အာဆီယံ-တရုတ် ဗဟိုဌာနနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခု ပွင့်လင်းရာသီမှစ၍ မြန်မာနိုင်ငံသို့ တရုတ်ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရန် မျှော်လင့်ပါကြောင်း၊ တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအဖြစ် ခရီးသွားလုပ်ငန်း သုတေသန စီမံကိန်းနှင့် မုန့်ဖုတ်အတတ်ပညာဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံ- တရုတ်ဗဟိုဌာနမှ အထွေထွေ အတွင်းရေးမှူးချုပ် H. E. Mr. Shi Zhongjun က အမှာစကားပြောကြားပြီး တရုတ်နိုင်ငံမှ ဘသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဧည့်လမ်းညွှန်ဆိုင်ရာ ဝန်ဆောင်မှုစံနှုန်းများ၊ တရုတ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ၊ သမားရိုးကျနှင့် ဆန်းသစ်တီထွင်မှုရှိသော ခရီးသွားလုပ်ငန်းမြှင့်တင် ကြော်ငြာခြင်း နည်းလမ်းများကို ရှင်းလင်းပို့ချ ဆွေးနွေးခဲ့ကြပြီး သင်တန်းသားများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-ရုရှား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပွဲကို ဝန်ကြီးဌာန နီလာခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်သည်။
အစည်းအဝေးသို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ခရီးသွားလုပ်ငန်းအေဂျင်စီ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲမစ္စတာ ဒီမြန်အိုစမီးလ်ယက်၊ စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ မစ္စတာအိဗ်ဂီနီ ဒီဂရီဂိုရိဖ်၊ ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာဗီယာချက်စ် လက်ဗ်ဂျီကာလ်ဂနော့ဗ်၊ စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ မစ်နာနာအမ်ဂဗီချီယာနှင့် အဆင့်မြင့် အရာရှိကြီးများ၊ ရုရှားဖက် ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံရုံးမှ စီးပွားရေးဆိုင်ရာ ကောင်စစ်ဝန်မစ္စတာ အန်ဒရီဗီအူနက်ခ်၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ခရီးသွားလုပ်ငန်း ဖက်ဒရယ် အေဂျင်စီ၏ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဌာနခွဲ အကြီးအကဲ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် အစည်းအဝေးသို့ တက်ရောက်လာသော နှစ်နိုင်ငံမှ ကိုယ်စားလှယ်များက နှုတ်ခွန်းဆက်စကား ပြောကြားကြပြီးမြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် တိုင်းရင်းသား လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ပါဝင်သော ၅ မိနစ်စာ ဗီဒီယိုဖိုင်ကို ပြသသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ရုရှားနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ မှစတင်ပြီး ရုရှားခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့် တစ်နှစ်ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား လူမှုစီးပွား အကျိုးရလဒ်များ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ခရီးသွား လုပ်ငန်းကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက် လိုပါကြောင်း၊ မြန်မာ-ရုရှား ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် စိန့်ပီတာ စဘတ်မြို့၏ ခရီးစဉ်ဒေသများ ပါဝင်သော ဗီဒီယိုဖိုင်ကို ပြသပြီး စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေ းကော်မတီ ဒုတိယဥက္ကဋ္ဌ မစ်နာနာအမ်ဂဗီချီယာက နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးတင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံခရီး သွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်လိုသည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ စိန့်ပီတာစဘတ် အစိုးရဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်း မြို့တော်ခရီးသွား သတင်းအချက်အလက် ပြန်ကြားရေးဗျူရို၏ ညွှန်ကြားရေးမှူးချုပ် မစ္စတာအူရီဗီဘော်တာနော့ဖ်နှင့် စိန့်ပီတာစဘတ် ညီလာခံနှင့် ပြပွဲပြသခြင်းဆိုင်ရာဗျူရို၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ မစ္စတာဆာဂီလ် အက်စ်အာဇရမ်နော့ဖ်တို့က ခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ လွယ်ကူချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု၊ ခရီးသွားပြပွဲများနှင့် အစည်းအဝေးများ ကျင်းပခြင်း ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးချက်များအပေါ် အမြင်ခြင်းဖလှယ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်