Skip to main content

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး အရေးကြီး

နေပြည်တော် အောက်တိုဘာ ၁၉

နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှင်းလင်းတင်ပြ

အစည်းအဝေးတွင် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းက နည်းပညာ တက္ကသိုလ်များ၏ သင်ကြားသင်ယူမှုများ၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမီမီခင်က ကွန်ပျူတာတက္ကသိုလ်များ အားလုံး၏ သင်ကြားသင်ယူမှုများ၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်က နေပြည်တော် နည်းပညာတက္ကသိုလ်တွင် ဆောင်ရွက်ထားရှိသည့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အခြေခံအဆောက်အဦနှင့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆွေးနွေးမှာကြား

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး၊ အခြေခံအဆောက်အဦများ၊ သင်ထောက်ကူ စက်ပစ္စည်းများ ပြည့်စုံလုံလောက်စေရေး ဖြည့်ဆည်းပေးခြင်းသည် အရေးကြီးကြောင်း၊ သင်တန်းနှင့် ကျောင်းသားရေးရာဆိုင်ရာ ကိစ္စများ ဆောင်ရွက်ရာတွင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူ တာတက္ကသိုလ်များ၌ ကျင့်သုံးဆောင်ရွက်နေသော လုပ်ထုံးလုပ်နည်းများ တစ်ပြေးညီဖြစ်စေရေး၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ရေးနှင့် Kg+12 သင်ရိုးဖြင့် တက်ရောက်လာမည့် ကျောင်းသား ကျောင်းသူများအတွက် သင်ရိုးညွှန်းတမ်းနှင့်အတူ Credit System စနစ် ကျင့်သုံးရန် ပြင်ဆင်ထားရေးတို့ကို မှာကြားသည်။        

 သတင်းစဉ်