Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၁

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျန်ဗဟိုကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့နှင့် စပ်လျဉ်း၍ ဆောင်ရွက်ကြရမည့် ကိစ္စရပ်များ ကြိုတင် ဆောင်ရွက်နိုင်ရန် ပထမအကြိမ် အစည်းအဝေး ကိုကျင်းပရခြင်း ဖြစ်ကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ထူးခြားခမ်းနားသည့် နိုင်ငံတော်အဆင့် အခမ်းအနားကြီး တစ်ခုအဖြစ် စီမံဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။ 

မိမိတို့နိုင်ငံ၏ လွတ်လပ်ရေး သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရသည့် အချိန်မှ စတင်၍ ယနေ့အချိန်အထိ အစိုးရ အဆက်ဆက် ပြောင်းလဲလာသော်လည်း လွတ်လပ်ရေး ဆုံးရှုံးစဉ် ကာလတစ်လျှောက် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုများကြောင့် အယူဝါဒအရေး၊ တိုင်းရင်းသားအရေးနှင့် ဘာသာရေးအပေါ် အခြေခံသည့် မတူညီသော ခံယူချက်များနှင့် ယုံကြည်ချက်များသည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့ပြီး ယနေ့တိုင် တိုင်းပြည်သည် မတည်ငြိမ်မှု၏ ဆိုးမွေများကို ခံစားနေကြရဆဲ ဖြစ်ကြောင်း၊ အဆိုပါ မတူညီသော ခံယူချက် ယုံကြည်ချက်များအပေါ် မတူတာတွေ ဘေးဖယ်ပြီး တူညီချက်များကို လက်တွဲပူးပေါင်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူစဉ် ကာလကတည်းကပင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေး ကော်မတီများ ဖွဲ့စည်းလျက် NCA လက်မှတ်ရေးထိုးပြီးနှင့် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ၂၀၂၁ ခုနှစ် ဧပြီလတွင် ဖိတ်ခေါ်လျက် တစ်ဖွဲ့ချင်းစီအား ထာဝရငြိမ်းချမ်းရေး ရရှိစေရေး တွေ့ဆုံဆွေးနွေးမှု စားပွဲဝိုင်း၌ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင် လက်ခံတွေ့ဆုံ၍ မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပေးခြင်း၊ လုပ်ငန်းညှိနှိုင်းရေး အဖွဲ့များက နှစ်ဖက် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေး အဖြေရှာ ဆွေးနွေးစေလျက် ရှိသလို တစ်ဖက်၌လည်း နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးဟူသည့် အမျိုးသားရေး လုပ်ငန်းစဉ်(၂)ရပ်ကို ချမှတ် အကောင်အထည် ဖော်နိုင်စေရေး ဆောင်ရွက်လျှက်ရှိကြောင်း၊ မတူညီသည့် ဝါဒအကြောင်းအရာများ အတတ်နိုင်ဆုံး နားလည်လက်ခံလာစေရန်၊ မတူညီသည်များကို ဖယ်ရှား၍ တူညီသည်များကို ပူးပေါင်း ဆောင်ရွက်နိုင်ရန်အပြင် လက်ရှိကျင့်သုံးလျက်ရှိသည့် ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရန် ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဆင်ယင်ကျင်းပရာတွင်လည်း အထက်ပါ မူဝါဒများကို ဦးတည်လျက် စီမံ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

နိုင်ငံ၏ လွတ်လပ်ရေးသည် အလွယ်တကူ ရရှိခဲ့ခြင်း၊ အလွယ်တကူ ရယူနိုင်ခဲ့ခြင်း မဟုတ်ကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးသည့် ကာလမှ လွတ်လပ်ရေး ပြန်လည်ရယူသည့် ကာလအထိ နှစ်ပေါင်း တစ်ရာကျော်မျှ မိမိတို့တိုင်းရင်းသား ညီအကိုမောင်နှမများ၏ အသက်၊ သွေးနှင့် ချွေးများစွာ ရင်းနှီးပေးဆပ်ခဲ့ရကြောင်း၊ လွတ်လပ်ရေး ဆုံးရှုံးရန် တစ်ရက်၊ တစ်မနက်နှင့် ဆုံးရှုံးသွားနိုင်သော်လည်း လွတ်လပ်ရေး ပြန်လည်ရယူနိုင်ရန် အရင်းအနှီး မြောက်များစွာ ရင်းနှီးပေးဆပ်ခဲ့ရကြောင်း၊ ထိုသို့လွတ်လပ်ရေးပြန်လည် ရယူရန် ကြိုးပမ်း ရင်းနှီးပေးဆပ်ခဲ့ရသည်များကို မမေ့မပျောက် စေရန်နှင့် ရရှိပြီး အချုပ်အခြာ အာဏာကို တည်တံ့ခိုင်မြဲစေရန် ဦးတည်ပြီး (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားကို ဖော်ဆောင်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရေးသည် မျိုးဆက်သစ် လူငယ်မောင်မယ်များ အပါအဝင် မြန်မာနိုင်ငံသားများ အားလုံး စဉ်ဆက်မပြတ် ထိန်းသိမ်းရန် တာဝန်ရှိသည်ဆိုသည့် ခံယူချက်၊ ယုံကြည်ချက်နှင့် စိတ်ဓာတ်များ ပေါ်ပေါက် ကိန်းဝပ်လာစေရန် ပုံဖော်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

အလားတူ လွတ်လပ်ရေး ကာလအတွင်း လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သည့် မတည်ငြိမ်မှုများ၊ မငြိမ်းချမ်းမှုများကြောင့် နိုင်ငံတော်အနေဖြင့် တိုးတက်သင့်သလောက် မတိုးတက်ခဲ့သည်များမှသည် တည်ငြိမ်အေးချမ်းမှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုများ ရရှိခံစားနိုင်မည့် အခြေအနေအပြင် ထိုသို့ဖြစ်ပေါ် ပြောင်းလဲလာစေရေး ယနေ့ နိုင်ငံတော် ဝန်ကြီးချုပ်မှ ချမှတ်ထားသည့် အမျိုးသားရေး လုပ်ငန်းစဉ် နှစ်ရပ်နှင့် ပြည်သူတစ်ရပ်လုံး လျှောက်လှမ်း ပုံဖော်နေသည့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး တို့ကိုလည်း ပုံဖော်ကြရမည် ဖြစ်ကြောင်း။

သို့ဖြစ်၍ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက် (၅)ရပ် ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။ အဆိုပါ အမျိုးသားရေး ဦးတည်ချက် (၅)ရပ်မှာ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ်များအဖြစ် အစွမ်းကုန်ကြိုးစားဆောင်ရွက်ရေး၊ နိုင်ငံ့အကျိုး တိုင်းရင်းသားပြည်သူ လူထုအကျိုးကို ရှေးရှုပြီး “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “ Keep Moving Forward to Achieve Our Goal ” ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သော နိုင်ငံတော်နှင့် လူမှုစီးပွားဘဝတည်ဆောက်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ခိုင်မာသည့် သံန္နိဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်ရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပရေးနှင့် တိုင်းရင်းသားအ ားလုံး အချိုးကျ ကိုယ်စားပြုပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာစေရေး တို့ဖြစ်ကြောင်း။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ ခမ်းနားထည်ဝါစွာနှင့် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီကို ဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ ဆက်လက်၍ လုပ်ငန်းကော်မတီနှင့် လိုအပ်သည့် ကော်မတီခွဲများ ဖွဲ့စည်းကာ လုပ်ငန်းများကို ယနေ့အစည်းအဝေးပြီး နောက်ပိုင်းမှစ၍ အသေးစိတ် စနစ်တကျ ညှိနှိုင်းစီမံ ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းနားအတွက် လေ့ကျင့်ဆောင်ရွက်စဉ်နှင့် အခမ်းအနားကျင်းပစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကိုလည်း စနစ်တကျ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လုံခြုံရေးကဏ္ဍနှင့် စပ်လျဉ်း၍ ရာနှုန်းပြည့် လုံခြုံမှုရှိစေရေးနှင့် မကျိုးပေါက်စေရေး ရှုထောင့်ပေါင်းစုံဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ် စီမံဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား အတွက် ပါဝင်လှုပ်ရှားကြမည့် ပုဂ္ဂိုလ်များ အားလုံးသည် ကြုံတောင့်ကြုံခဲ ဆင်နွဲရသည့် အခမ်းအနားကြီးဖြစ်သည်နှင့်အညီ အဆိုပါ အခွင့်အရေးတွင် မိမိတို့ ပါဝင်ပူးပေါင်း ဆောင်ရွက်ခွင့်ရသည့် ပုဂ္ဂိုလ်များအဖြစ် ဂုဏ်ယူစွာ ခံစားနိုင်စေရေး စည်းရုံးရေး နည်းလမ်းဖြင့်သာ တာဝန်ပေးအပ်ရန်၊ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ အစိုးရ အဖွဲ့ဝင်များ အနေဖြင့် ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ နောက်ဆုံးအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် တာဝန်ရှိသူများ အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဝင်များက စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေး ကော်မတီ၊ ဂုဏ်ပြုယာဉ်များ တည်ဆောက်ရေး လုပ်ငန်းကော်မတီ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၊ လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေး လုပ်ငန်း ကော်မတီ၊ လုံခြုံရေး လုပ်ငန်းကော်မတီ၊ ပြန်ကြားရေး လုပ်ငန်းကော်မတီ၊ မိန့်ခွန်းနှင့် သဝဏ်လွှာပြုစုရေးလုပ်ငန်း ကော်မတီ၊ ကျန်းမာရေး လုပ်ငန်းကော်မတီ၊ အားကစား ပြိုင်ပွဲများ ကျင်းပရေး လုပ်ငန်းကော်မတီနှင့် စာရင်းစစ်ဆေးရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုများ၊ လုပ်ငန်းတာဝန်များ ကြိုတင် ပြင်ဆင်ထားရှိမှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ အပါအဝင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ဗဟိုကော်မတီအ တွင်းရေးမှူးက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ အတည်ပြုချက် ရယူသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွပ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။