နေပြည်တော် အောက်တိုဘာ ၁၉
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ရောက်ရှိ စစ်ဆေးသည်။
ထိုသို့ရောက်ရှိစစ်ဆေးစဉ် ယနေ့နံနက် ၉ နာရီ မိနစ် ၄၀ က အကြမ်းဖက်သမားများ၏ ပါဆယ်ထုပ်အတွင်း လက်လုပ်မိုင်းထည့်သွင်းကာ အကြမ်းဖက်ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် အင်းစိန် ဗဟိုအကျဉ်းထောင်၏ ဝင်/ထွက်ဂိတ်ပေါက်ရှိ အကျဉ်းသားများအတွက် ပါဆယ်ထုပ် လက်ခံသည့် အဆောက်အဦ အတွင်းနှင့် အပြင်ဘက်တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့မှုကြောင့် အကျဉ်းထောင် ဝန်ထမ်း ၃ ဦးနှင့် အကျဉ်းသားများအတွက် ပါဆယ်ထုပ် လာရောက်ပေးပို့ သူများဖြစ်ကြသည့် အရပ်သားပြည်သူ ၅ ဦး၊ စုစုပေါင်း ၈ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြပြီး အကျဉ်းထောင် ဝန်ထမ်း ၅ ဦးနှင့် အရပ်သားပြည်သူ ၁၃ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အခင်းဖြစ်ရပ် အခြေအနေကို အသေးစိတ်သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အင်းစိန် ဗဟိုအကျဉ်းထောင် အစည်းအဝေးခန်းမ၌ ပေါက်ကွဲမှုဖြစ်ပွားစဉ် သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် အကျဉ်းထောင် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို တွေ့ဆုံ၍ နှစ်သိမ့်အားပေးစကားများ ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အစည်းဝေးခန်းမ၌ အကျဉ်းထောင် တာဝန်ရှိသူများနှင့် လုံခြုံရေးဆိုင်ရာညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အင်းစိန်မြို့နယ်ရှိ မြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ကာ အကျဉ်းထောင် ပေါက်ကွဲမှု ဖြစ်စဉ်အတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူများကို တွေ့ဆုံပြီး နှစ်သိမ့် အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်