နေပြည်တော် အောက်တိုဘာ ၁၉
၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် ခန်းမအတွင်း ပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်း အတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။
ထို့နောက် ရတနာကုန်သည်များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ပုလဲအတွဲများ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်း တင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။
ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း (၄၀၀)၊ ကျောက်မျက်အတွဲပေါင်း(၁၂၀)နှင့် ကျောက်စိမ်း အတွဲပေါင်း (၂၁၅၀) တို့ကို ရောင်းချပေးသွားမည်ဖြစ်ကာ ပုလဲအတွဲများအတွက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ငွေပေးချေမှုကို ပြည်ပရတနာ ကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များက ကျပ်ငွေဖြင့် လည်းကောင်း၊ ကျောက်မျက်၊ ကျောက်စိမ်း အတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာ ကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များက ကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမည် ဖြစ်သည်။
ထို့ပြင် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက် ရတနာနှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက် လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက် ရှိသည်။
ယခုပြပွဲကို အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် ပုလဲအတွဲများကို အောက်တိုဘာ ၁၉ ရက်တွင် စတင်ခင်းကျင်းပြသပြီး အောက်တို ဘာ ၂၀ ရက် နှင့် ၂၁ ရက်တို့တွင် ရောင်းချသွားမည် ဖြစ်ကြောင်း၊ ကျောက်မျက် အတွဲများကို အောက်တိုဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ခင်းကျင်းပြသပြီး အောက်တိုဘာ ၂၂ ရက်တွင် ရောင်းချသွားမည် ဖြစ်ကြောင်း၊ ကျောက်စိမ်း အတွဲများကို အောက်တိုဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ခင်းကျင်းပြသပြီး အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်