Skip to main content

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၉-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန် ဆောင်ရွက်လျက်ရှိပြီး (၁၈-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၂၆၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် (၂၇၇) ဦး တွေ့ရှိရသဖြင့် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၀၉) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၉,၂၈၈,၈၃၀) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၆၂၉,၆၅၃)ဦး ရှိပြီ ဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည် ကောင်းမွန်လာသူ (၂၄၆)ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း (၆၀၃,၂၆၀) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ(၁)ဦး ရှိပါသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁၉,၄၇၂) ဦး ရှိပါသည်။

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၈-၁၀-၂၀၂၂) ရက်နေ့အထိ အသက် (၁၈)နှစ်နှင့်အထက် လူဦးရေ စုစုပေါင်း (၃၀,၆၆၄,၉၅၅) ဦးနှင့် အသက် (၁၈) နှစ် အောက် လူဦးရေစုစုပေါင်း (6,665,475) ဦး တို့အား ထိုးနှံထားရှိပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် (၂၈-၁-၂၀၂၂) ရက်နေ့မှ (၁၅-၁၀-၂၀၂၂) ရက်နေ့အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများနှင့် သေဆုံးသူများ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စုစုပေါင်း၏ (၉၀.၄) ရာခိုင်နှုန်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း၏ (၈၀.၉) ရာခိုင်နှုန်း တို့မှာ ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်း မရှိသူများနှင့် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားခြင်း မရှိသူများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။

နိုင်ငံတကာ သုတေသန တွေ့ရှိချက်များအရလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချ နိုင်ကြောင်းကို တွေ့ရှိရပါသည်။ သို့ဖြစ်ရာ အသက် ၅ နှစ်နှင့် အထက်ပြည်သူများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား မဖြစ်မနေ ထိုးနှံထားရှိရန် လိုအပ်ပါသည်။

ကျန်းမာရေး ဝန်ကြီးဌာနသည် အသက် ၅ နှစ်နှင့်အထက် ပြည်သူများ အားလုံးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက် ရှိသည့်အပြင် အသက် ၁၂ နှစ်မှ ၁၈ နှစ် အတွင်း ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ကျောင်း သား၊ ကျောင်းသူ များနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအခမဲ့ ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်း အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ moh.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။