Skip to main content

တရားမဝင် သစ်မျိုးစုံ၊ ထိန်းချုပ်ဓာတုပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ မော်တော်ယာဉ်နှင့် ယန္တရားအပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၈

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၆ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်မတော်ဦးဆောင်သော ပူးပေါင်းအဖွဲ့က ကာမိုင်း-နန့်ယား-ဖားကန့်သွား လမ်းမပေါ်တွင် ယာဉ်စစ်ဆေးရေးဆောင်ရွက်နေစဉ် မော်တော်ယာဉ်တစ်စီးပေါ်၌ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် အမိုနီယမ်နိုက်ထရိတ်ဟု ယူဆရသောအဖြူရောင်အစေ့ငယ် အိတ်များ ၂၄၈၀၀ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၈၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆၈၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အောက်တိုဘာ ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကုန်သေတ္တာစစ်ဆေးရေးစခန်းများတွင် တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ Wilmar ဆိပ်ကမ်း ၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၅၄၂၉၅၈) ကိုလည်းကောင်း၊ မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Clear Float Glass များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၅၂၉၂၄) ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၇၁၉၅၈၈၂ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ အောက်တိုဘာ ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများ၊ ပြန်လည်ပြုပြင်ထားသည့် မော်တော်ယာဉ်နှင့် ယန္တရားအပိုပစ္စည်းများ၊ မော်တော်ယာဉ်ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၁၃၅၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် နောက်တွဲယာဉ်တစ်တွဲနှင့် Nissan Diesel Tractor Head တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရလည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ ၁၆ ဒသမ ၀၀၀၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၃၂၄၃၂)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၈၆၆၇၄၃၂ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့ကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်နှစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် ကြမ်းခင်းဖယောင်းပုဆိုး ၄၀ လိပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀)နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈၀၀၀၀)စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ အောက်တိုဘာ၁၆ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာအမှုတွဲ ၁၇ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၅၂၄၃၃၁၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်