Skip to main content

မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံတည်နေရာများ အတည်ပြုသတ်မှတ်ခြင်းများဆောင်ရွက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးနှင့် ဦးတင်မောင်ဆွေ၊ ပြည်ခရိုင်တပ်နယ်မှူး၊ ပဲခူးတိုင်းဒေသကြီးနှင့် ပြည်ခရိုင်ရွေးကောက်ပွဲအရာရှိများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှဦးစီးမှူး၊ ပေါက် ခေါင်း၊ပေါင်းတည်၊ပန်းတောင်း၊ ပြည်၊ ရွှေတောင်၊ သဲကုန်းမြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူး များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှဦးစီးမှူးများ၊ ပြည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ၆၉ အုပ်စုမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ကော်မရှင်အဖွဲ့ဝင်များက အမှာစကားပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး၊ မဲရုံတည်နေရာသတ်မှတ်အတည်ပြုနိုင်ရေးနှင့် မဲရုံသုံးပစ္စည်းများ လိုအပ်ချက်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်