Skip to main content

(၂၄)ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၈

(၂၄)ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး (24th ASEAN Senior Level Committee- SLC on Financial Integration) ကို ယနေ့နံနက် ၇ နာရီတွင် Hybrid Format ဖြင့်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် တက်ရောက်သည်။

ငွေရေးကြေးရေး ဖွံ့ဖြိုးတိုးတက်မှု

ဦးစွာ ပူးတွဲသဘာပတိများဖြစ်ကြသည့် စင်ကာပူနိုင်ငံ ငွေကြေးအာဏာပိုင်အဖွဲ့နှင့် လာအိုနိုင်ငံဗဟိုဘဏ်တို့မှ ဒုတိယဥက္ကဋ္ဌများက အဖွင့်အမှာစကားများပြောကြားခဲ့ပြီး အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး(ASEAN+3Macroeconomic Research Office - AMRO) နှင့် အာရှဖွံ့ဖြိုးရေးဘဏ်(Asian Development Bank-ADB)တို့မှ လတ်တလောမေခရိုစီးပွားရေးအခြေအနေများ၊ ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်းဆိုင်ရာ ငွေရေးကြေးရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်း၍ တင်ပြကြသည်။

ဆက်လက်၍ အာဆီယံနိုင်ငံများအချင်းချင်း သတင်းအချက်အလက် အပြန်အလှန်ချိတ်ဆက်နိုင်သောမူဘောင် (ASEAN Interoperable Data Framework) နှင့် အာဆီယံနိုင်ငံများ အချင်းချင်းငွေပေးချေမှုစနစ်များ ချိတ်ဆက်မှုအစီအစဉ် (ASEAN Multilateral Payments Connectivity Initiative) တို့နှင့်စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေများကို သက်ဆိုင်သည့်လုပ်ငန်းကော်မတီများမှ ရှင်းလင်းတင်ပြကြသည်။

အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည့် အကြောင်းအရာများ၊ တိုးတက်မှုနှင့်အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အာဆီယံဘဏ်လုပ်ငန်းပေါင်းစည်းရေးမူဘောင် (ASEANBanking Integration Framework- ABIF)၊ ငွေလုံးငွေရင်းစာရင်းပိုမိုလွတ်လပ်ခွင့်ပြုရေး (Capital Account Liberalization-CAL)၊ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်မှု (Capital Market Development-CMD)၊ အားလုံးပါဝင်သော ငွေရေးကြေးရေးကဏ္ဍ (Financial Inclusion-FINC)၊ ငွေရေးကြေးရေး၀န်ဆောင်မှုလုပ်ငန်းများလွတ်လပ်ခွင့်ပြုရေး (Financial Services Liberalization-FSL)၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် (Payment and Settlement System-PSS)၊ စွမ်းရည်မြှင့်တင်ရေး ကြီးကြပ်ထိန်းကျောင်းမှုကော်မတီ (Steering Committee on Capacity Building - SCCB) တို့နှင့်စပ်လျဉ်း၍ နောက်ဆုံးတိုးတက်မှုကို လုပ်ငန်းကော်မတီအသီးသီးမှ ရှင်းလင်းတင်ပြရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများက လမ်းညွှန်မှုများပြုကြ သည်။

ရှင်းလင်းတင်ပြ

ထို့နောက် အဆင့်မြင့်ကော်မတီလုပ်ငန်းအဖွဲ့၏ ပူးတွဲသဘာပတိများက ရေရှည်တည်တံ့ခိုင်မြဲပြီး အကျပ်အတည်းဖြစ်ပေါ်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရေး အထောက်အကူပြုဘဏ္ဍာငွေ (Sustainable Finance) နှင့်စပ်လျဉ်း၍လည်းကောင်း၊ မလေးရှားနိုင်ငံဗဟိုဘဏ်က အာဆီယံဒေသတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာခံနိုင်ရည်ရှိမှုနှင့် သတင်းအချက်အလက်များ မျှဝေခြင်းအစီအစဉ် (ASEAN Cybersecurity Resilience and Information Sharing Platform- CRISP)နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် အာဆီယံငွေကြေးဖလှယ်မှုအစီအစဉ်နှင့်စပ်လျဉ်း၍ နောက်ဆုံးတိုးတက်မှုအခြေအနေ (Update on ASEAN Swap Arrangement-ASA) ကို ဖိလစ်ပိုင်နိုင်ငံဗဟိုဘဏ်ကလည်းကောင်း၊ အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေး အဆင့်မြင့်ကော်မတီဆိုင်ရာအချက် များ (Terms of Reference -TOR) နှင့်စပ်လျဉ်း၍ စင်ကာပူငွေကြေးအာဏာပိုင် အဖွဲ့ကလည်းကောင်း တင်ပြခဲ့ရာ ဒုတိယဥက္ကဋ္ဌများက လမ်းညွှန်မှုများပြုလုပ်ကြသည်။ ယင်းနောက် အစည်းအဝေးပူးတွဲသဘာပတိများက နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်