Skip to main content

ရွေ့လျားဈေးကားရောင်းချမှုနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန်ကွင်းဆင်းစစ်ဆေး

ရန်ကုန် အောက်တိုဘာ ၁၈

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြည်သူများ လွယ်လင့်တကူ ဈေးဝယ်နိုင်ရေးအတွက် ယနေ့တွင် မရမ်းကုန်းမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဝင်း၊ ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဥယျာဉ်အိမ်ရာ၊ ၅၄ လမ်းနှင့် အနော်ရထာလမ်းထိပ်၊ (၂)ရပ်ကွက်၊ အင်းစိန်မြို့နယ် ဖန်ချက်စက်လမ်း မုဒိတာအိမ်ရာ (၂)၊ စော်ဘွားကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၊ လှိုင်မြို့နယ် မင်းဓမ္မလမ်းပညာ့ရိပ်သာ၊ လှိုင်မြစ်လမ်း၊ ရွှေကောင်းကြွယ်လက်ဖက်ရည်ဆိုင်အနီး၊ မြို့တော်ဂေါက်ကွင်း၊ ကျောက်တံတားမြို့နယ်မြို့တော်ခန်းမနှင့် ဗိုလ်တထောင်မြို့နယ်၊ ၄၆လမ်း (၁၂) ထပ်ခွဲစည်ပင်ရုံးဝင်းများတွင်လည်း (Mobile Market) စနစ်ဖြင့် ဈေးရောင်းချပေးကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက် ၆ နာရီခွဲတွင် ရန်ကင်းမြို့နယ် ၈ ရပ်ကွက် နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် ကြက်ဥ၊ ဆီနှင့် အသားမျိုးစုံတို့ကို ဈေးနှုန်းသက်သာစွာဖြင့် နေအိမ်အနီး အလွယ်တကူဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ် ကန်တော်ကြီးသဘာဝဥယျာဉ်သို့သွားရောက်၍ မြေပဒေသာကျွန်းနှင့် ဆင်ရုပ်ရေကန်ဝန်းကျင် မြက်ခင်းပြင်များဖြတ်ညှိနေမှု၊ ပန်းအလှပင်များပုံသွင်းပြုပြင်နေမှု၊ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပုလဲကျွန်းအနီး အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)မှ ကန်တော်ကြီးမှရေကို တိရစ္ဆာန်ဥယျာဉ်ရေမြောင်း၊ ၎င်းမှ အထက်ပန်းဆိုးတန်း၊ ဒေါ်သိန်းတင်လမ်း၊ မြန်မာ့ ဂုဏ်ရည်လမ်း၊ ဗိုလ်မင်းရောင်လမ်း၊ သဲဖြူချောင်း၊ ထိုမှတစ်ဆင့် အေးတံတားမြစ်ထွက်ပေါက်မှ ပုဇွန်တောင်ချောင်းအတွင်းသို့ ဆက်လက်စီးဆင်းစေသည့် ကန်တော်ကြီးရေပိုလွှဲရေလျှံပေါက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်