Skip to main content

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၈

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ(၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က ပြည်တွင်းနေရပ် စွန့်ခွာသူများအနေဖြင့် ယာယီခိုလှုံရာစခန်းများတွင်နေထိုင်ကြစဉ် နိုင်ငံတော်အနေဖြင့် နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လိုအပ်သည်များကို ကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သို့သော်လည်း အခြေအနေကောင်းပါက၊ လုံခြုံရေးစိတ်ချရပါက ၎င်းတို့မူလနေထိုင် ရာအရပ်ဒေသသို့ ပြန်လည်နေထိုင်ကြရန်လိုအပ်ပါကြောင်း၊ နေရပ်သို့ပြန်လည်ရောက်ရှိပါကလည်း နေထိုင်မှုအဆင်ပြေစေရန်ပို့ဆောင်ရေး၊ ငွေကြေးထောက်ပံ့မှု၊ ရိက္ခာထောက်ပံ့ပေးမှုများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ယာယီခိုလှုံရာစခန်းများတွင် ခိုလှုံနေရခြင်းထက် မိမိတို့နေရာဒေသများတွင် ပြန်လည်နေထိုင်ခြင်းက ၎င်းတို့အတွက် အစစအရာရာအဆင်ပြေနိုင်သဖြင့် လိုအပ်သည့်သတင်းအချက်အလက်နှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား သည်။

သတင်းစဉ်