မျက်မှောက်ကာလ၌ ရှင်သန်ရပ်တည်နေသော ကလေးသူငယ်များသည် အနာဂတ်ကို ပုံဖော်ကြမည့်၊ အနာဂတ်တွင် ကောင်းမွေ၊ ဆိုးမွေတို့ကို ဖန်တီးကြမည့်သူများဖြစ်သည်။ ကောင်းမွန်သောအနာဂတ်ကို ပုံဖော်တည်ဆောက်နိုင်ရန်အတွက် မျက်မှောက်ကာလရှိ ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးဖြင့် နိမ့်ကျနေသောကလေးငယ်များကိုလည်း စောင့်ရှောက်ကူညီဖေးမပေးရမည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှုအကျိုးဆက်ကြောင့် ကလေးလုပ်သားများ နှစ်စဉ်များပြားလာ သည်။ စစ်တမ်းများအရ ဆင်းရဲနွမ်းပါးမှု တစ်ရာခိုင်နှုန်းတိုးလာသည်နှင့်အမျှ ကမ္ဘာပေါ်ရှိ နိုင်ငံများ၌ ကလေးအလုပ်သမား အနည်းဆုံး ၈ ဒသမ ၇ ရာခိုင်နှုန်းရှိလာသည်ဟု သိရှိရသည်။ လူ့အသိုင်းအဝိုင်းအတွင်း၌ ကလေးသူငယ် ၁၀ ယောက်တွင် ကလေးအလုပ်သမား တစ်ယောက်ရှိနေသည်။ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာပေါ်၌ ကလေးအလုပ်သမား စုစုပေါင်း ၁၅၂ သန်းရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ကလေးအလုပ်သမား စုစုပေါင်း သန်း ၁၆၀ ရှိလာသဖြင့် လေးနှစ်အတွင်း ကလေးအလုပ်သမား ရှစ်သန်းကျော်တိုးလာသည်ဟု စစ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါကလေးအလုပ်သမား စုစုပေါင်းအနက်မှ ၆ ဒသမ ၅ သန်းသည် အန္တရာယ်ရှိသော လုပ်ငန်းခွင်များ၌ အလုပ်လုပ်ကိုင်နေကြသည်ဟုဆိုထားသည်။ ငတ်မွတ်ခေါင်းပါးမှု၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြုံတွေ့ရမှု၊ စစ်ဘေးအန္တရာယ်ဖြစ်ပေါ်လာမှုများ၏ နောက်ဆက်တွဲအကျိုးဆက်တွင် ကလေးသူငယ်များ၏ လူမှုဘဝများထိခိုက်မှုများပြားလာသည်။ မျက်မှောက်ကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါနောက်ဆက်တွဲအကျိုးဆက်ကြောင့် လူမှုအသိုက်အဝန်းမိသားစုများတွင် ကလေးအလုပ်သမားပြဿနာများကြီးမားလာပြီး ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ကလေးအလုပ်သမား ၈ ဒသမ ၉ သန်းနီးပါးရှိလာခဲ့သည်။
ကိုဗစ်-၁၉ ရောဂါနောက်ဆက်တွဲအကျိုးဆက်ကြောင့် စီးပွားရေးထိခိုက်မှု ပြဿနာများရှိလာ ခဲ့ပြီး မိသားစုများဝင်ငွေထိခိုက်ရာမှ ဆင်းရဲနွမ်းပါးမှုမြင့်မားလာပြီး မိသားစုရှင်သန်ရပ်တည်နိုင်မှုအတွက် ကလေးအလုပ်သမားများ တိုးပွားလာသည်။ ကလေးငယ်များမှာ လုပ်ငန်းခွင်များထဲသို့ မလွှဲသာမရှောင်သာရောက်ရှိသွားပြီး လုပ်အားခေါင်းပုံဖြတ်ခံရခြင်း၊ အနိုင်ကျင့်နှိပ်စက်ခံရခြင်း၊ အန္တရာယ်ရှိသောလုပ်ငန်းများ၌ အတင်းအကျပ်စေခိုင်းခံရခြင်း၊ အထူးသဖြင့် အားနည်းသည့် မိန်းကလေးငယ်များ စိုက်ပျိုးရေးနှင့် အိမ်အကူလုပ်ငန်းများတွင် ခေါင်းပုံဖြတ်အနိုင်ကျင့်မှုခံရခြင်းများနှင့် ကြုံတွေ့နေရသည်။ ကလေးအလုပ်သမားအများစုအနေဖြင့် လူမှုအကာအကွယ် အထောက်အပံ့များ မဖြစ်မနေလိုအပ်လာသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ ငါးနှစ်တာကာလတိုစီမံချက်ကို ရေးဆွဲဆောင်ရွက်ခဲ့ပြီး အမျိုးသားအဆင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီများ၊ အခြားသောအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ချိတ်ဆက်၍ ဆောင်ရွက်နေသည်။ လုပ်ငန်းစီမံချက်ကာလပြီးဆုံး မည့် ၂၀၂၃ ခုနှစ်နောက်ပိုင်းတွင် အလားတူစီမံချက်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများမြန်ဆန်အောင်မြင်စွာဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ရမည်ဖြစ်သည်။
ကလေးသူငယ်များ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွန်စွာဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် ကလေးသူငယ်ဖွံ့ဖြိုးရေးမှာ တိုက်ရိုက်သက်ဆိုင်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ရည်မှန်းချက်ကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရလဒ်ကောင်းများရရှိရန်အတွက် ရေရှည်အလေးထားဆောင်ရွက်သွားရမည် ဖြစ်သည်။ ကလေးအလုပ်သမားပပျောက်ရေးသည် ဆင်းရဲနွမ်းပါးမှုနှင့် တိုက်ရိုက်သက်ဆိုင်နေသဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ကျစေရန် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများပေါများရေးတို့ကို နိုင်ငံတော်အစိုးရက မျက်ခြည်မပြတ် အလေးထားဆောင်ရွက်နေသည်။
သို့ဖြစ်ရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းများတွင် အားလုံးပါဝင်ကာ တက်ညီလက်ညီဆောင်ရွက်ပြီး နိုင်ငံဖွံ့ဖြိုးရေး၊ လူမှုဘဝမြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့ကို အလေးထားဆောင်ရွက်ပြီး နိုင်ငံအနာဂတ်အတွက် အဓိကအရင်းအမြစ်များဖြစ်သည့် ကလေးအလုပ်သမားများဘဝလျှော့ချပေးကာ ကလေးသူငယ်များဘဝ မြင့်မားတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်