တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ အနုပညာရှင် ၁၈၀၀ ကျော်တို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ ရောက်ရှိလာကြသည့် ပြိုင်ပွဲဝင် အနုပညာရှင် တိုင်းရင်းသားတိုင်းရင်းသူညီအစ်ကိုမောင်နှမများ ဤပြိုင်ပွဲကြီးတွင် ဆုံစည်းခဲ့ကြပြီး ပြိုင်ပွဲကာလတစ်လျှောက် တစ်ဦး၏အနုပညာကို တစ်ဦးကလေ့လာခွင့်ရရှိခြင်း၊ တွေ့ဆုံရင်းနှီးခွင့်ရရှိခဲ့ခြင်းတို့ကလည်း ပြိုင်ပွဲမှရရှိသည့် အကျိုးတစ်ရပ်ပင်ဖြစ် သည်။
“မျိုးဆက်သစ်များအနေဖြင့် ယခုပြိုင်ပွဲကြီးမှရရှိသည့် အောင်မြင်မှုများနှင့်အတူ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားကြရန်၊ အတူတကွ ပြိုင်ပွဲဝင်ခဲ့ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရေး ဆက်လက်ကြိုးစားတည်ဆောက်သွားကြရန်၊ မိမိတို့ယဉ်ကျေးမှု၊ မိမိတို့ဓလေ့ထုံးစံမှသည် မိမိတို့နိုင်ငံနှင့် မိမိတို့နိုင်ငံသားများအပေါ် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာရှင်သန်ရေးကို ဆက်လက်သယ်ဆောင် လက်ဆင့်ကမ်းသွားကြရန်၊ ဝါရင့်အနုပညာရှင်၊ သက်ကြီးအကဲဖြတ် ပညာရှင်များအနေဖြင့် မိမိတို့နှစ်ပေါင်းများစွာက လေ့လာသင်ယူခဲ့ရသည့် အနုသုခုမပညာရပ်များကို မျိုးဆက်သစ် သားငယ်သမီးငယ်များထံ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းအမွေပေးဝေနိုင်ကြစေရေးတို့ အတွက် မိမိတို့၏ တစ်ကိုယ်ရေကျန်းမာရေးမှအစ အထူးဂရုပြုစောင့်ရှောက်နေထိုင်ကြပါရန် အလေးအနက်ထားပန်ကြားလိုပါကြောင်း” ဖြင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ရာ မျိုးဆက်သစ်များနှင့် ဝါရင့်အနုပညာရှင်ကြီးများက အလေးအနက်ဆက်လက်ဆောင်ရွက်သွားကြမည်ဟု ယုံကြည်သည်။
ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပိုမိုမြင့်မားအောင်မြှင့်တင်ခြင်းတို့မှာ နိုင်ငံနှင့်လူမျိုးကို ယဉ်ကျေးမှုမျက်နှာစာမှ ကာကွယ် စောင့်ရှောက်ခြင်းပင်ဖြစ်ပြီး မျက်မှောက်ကာလနည်းပညာခေတ်တွင် မျိုးဆက်သစ်လူငယ် များမပျက်မကွက်ကြိုးပမ်းထမ်းဆောင်ကြရမည့် အမျိုးသားရေးတာဝန်ပင်ဖြစ်ရာ အဆိုပါ တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် လူငယ်မျိုးဆက်များအား ထိုက်တန်စွာဂုဏ်ပြုအပ်သည်သာဖြစ်သည်။ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည့်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့မှပြိုင်ပွဲဝင် အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၈၃၈ ဦးဝင်ရောက်ယှဉ်ပြိုင်၍ အနုပညာအရည်အသွေးများကို ထုတ်ဖော်ပြသခဲ့ကြပြီးရွှေ၊ ငွေ၊ကြေး၊ နှစ်သိမ့်ဆု၊ အထူးဆုများ ဆွတ်ခူးနိုင်ခဲ့ကြသည်။
ဆယ်စုနှစ်ထက်ဝက်ကျော်ကြာမြင့်ပြီးနောက်မှပြန်လည် ကျင်းပခဲ့ရသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးဆီသို့ ကိုဗစ်-၁၉ ကပ်ရောဂါအကန့်အသတ် အပါအဝင် အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားကာ တက်လှမ်းယှဉ်ပြိုင်နိုင်ခဲ့ ကြသည့် မြေပြန့်တောင်တန်းဒေသအသီးသီးတို့မှ မျိုးဆက်သစ်အနုပညာရှင်များအနေဖြင့် အနာဂတ်ပြိုင်ပွဲများတွင်လည်း ဆက်လက်ယှဉ်ပြိုင်အောင်ပွဲဆင်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်