နေပြည်တော် အောက်တိုဘာ ၁၇
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအောက်ရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ၏ (၂/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
ဖွဲ့စည်းပေးခဲ့ပြီးဖြစ်
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က IDP နှင့် ယာယီတိုက်ပွဲရှောင် စခန်းများနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် စခန်းများနှင့် လူဦးရေစာရင်းများ ရရှိပြီးဖြစ်ကြောင်း၊ IDP စခန်းများ စိစစ်လေ့လာသုံးသပ်၍ အကြံပြုချက်များ ဖော်ထုတ်တင်ပြရေးအဖွဲ့ကို အမျိုးသားကော်မတီက စက်တင်ဘာ ၆ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ရာ ယင်းအဖွဲ့က သက်ဆိုင်ရာနယ်မြေဒေသအလိုက် စုဖွဲ့လေ့လာပြီး တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များ ဖော်ထုတ်တင်ပြမည်ဖြစ်ကြောင်း၊ အဆိုပါတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက်ပေးနိုင်ရန် လုပ်ငန်းကော်မတီသို့ တင်ပြဆွေးနွေးသွားရန်ဖြစ်ပါကြောင်း၊ နေရပ်ပြန်လိုသူများ၏ လိုအပ်ချက်များအနေဖြင့် နေရပ်ပြောင်း ရွှေ့မှုဆောင်ရွက်ပေးရေး၊ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ပေးရေး၊ လမ်းတံတား၊ ရေ၊ မီးကိစ္စရပ်များ ဆောင်ရွက်ပေးရေး၊ သက်မွေးလုပ်ငန်းသင်တန်းများ ပို့ချပေးရေးတို့ အဓိကဖြစ်ပါကြောင်းဆွေးနွေး ပြောကြားသည်။
ယင်းနောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် ပြန်လည်နေရာချထားရာတွင် ရေရှည်ရပ်တည်နိုင်ရန် အသက်မွေးဝမ်းကျောင်းလုပ်ငန်း သင်တန်းများကို ဌာနများအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ မောင်တောမြို့နယ် ရွာငါးရွာတွင် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် မြေတိုင်းတာခြင်း၊ အကွက်ချခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြေကွက်ချခြင်း၊ စိုက်ပျိုးရေး သင်တန်းများပေးခြင်း၊ တောင်သူပညာပေးသင်တန်းများပေးခြင်း၊ ဌာနပိုင်စက်ကိရိယာများဖြင့် စပါးရိတ်သိမ်းခြွေလှေ့ပေးခြင်း၊ မွေးမြူရေးအသိပညာပေး သင်တန်းများပေးခြင်းတို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နေရပ်ပြန်များ လူနေမှုဘဝ ရေရှည်ရပ်တည်နိုင်ရေးအတွက် အခြားသော ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်တန်းများ တက်ခွင့်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယာယီတိုက်ပွဲရှောင်များအတွက် မိုဘိုင်းဖုန်း ပြုပြင်ရေးသင်တန်း၊ ကွန်ပျူတာနှင့် စက်ချုပ်သင်တန်းများ တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် လိုအပ်သော လုပ်ငန်းများ ဆောင်ရွက်ပေးရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လျာထားထည့်သွင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် အစည်းအဝေး တက်ရောက်လာသော ကော်မတီဝင်ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းကော်မတီနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်