Skip to main content

ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ ညောင်လှကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် သံဃာတော် ၁ ပါးသေဆုံးပြီး ၂ ပါးဒဏ်ရာရရှိ

နေပြည်တော် အောက်တိုဘာ ၁၇

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် ပခုက္ကူမြို့၊ အမှတ် (၁၂) ရပ်ကွက်၊ မဟာဝိသုတာရာမ (အလယ်တိုက်)ရှိ သာသနာ့ဝံသကျောင်းမှ ဥူးပညာဇောတ၊ သက်တော် ၃၄ နှစ်၊ ဝါတော် ၁၄ ဝါ၊ (ဘ)ဦးစံမြင့်၊ ဥူးနန္ဒာစရိယ၊ သက်တော် ၃၃ နှစ်၊ ဝါတော် ၁၃ ဝါ၊ (ဘ)ဦးပြုံး၊ ဥူးဣန္ဒြာစရိယ၊ သက်တော် ၃၃ နှစ်၊ ဝါတော် ၁၃ ဝါ၊ (ဘ)ဦးအောင်လွင်၊ ဥူးဝိစာရ၊ သက်တော် ၃၂ နှစ်၊ ဝါတော် ၁၂ ဝါ၊ (ဘ)ဦးမောင်ငွေတို့ ပါဝင်သည့် သံဃာတော် ၄ ပါးသည် ယာဉ်အမှတ်၊ MDY-RLG-1472 အမျိုးအစား NISSAN အနက်ရောင်ယာဉ်ဖြင့် ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာရှိ ဥူးပညာဇောတ၏ နေအိမ်သို့ အလည်သွားရောက်ရန် ဥူးပညာဇောတ မောင်းနှင်ပြီး ပခုက္ကူမြို့မှတစ်ဆင့် ပခုက္ကူ-ဆိပ်ဖြူ သွားကားလမ်းအတိုင်း သွားရောက်စဉ် ညောင်လှကျေးရွာအဝင် မီတာ ၅၀ ခန့်ကွာအရောက်၌ လမ်း၏ ယာဘက် ၅ ပေခန့်အကွာမှ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား နင်းမိ ပေါက်ကွဲခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဥူးပညာဇောတတွင် ဝဲပုခုံးမိုင်းစထိမှန် ဒဏ်ရာ၊ ယာပေါင် မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဥူးနန္ဒာစရိယတွင် ဦးခေါင်းဝဲဘက်ခြမ်း မိုင်းစထိမှန်ဒဏ်ရာ၊ ယာပုခုံးမိုင်းစထိမှန်ဒဏ်ရ(စိုးရိမ်ရ)၊ ဥူးဣန္ဒြာစရိယတွင် ယာပုခုံး/ ယာလက်မောင်း မိုင်းစထိမှန်ဒဏ်ရာ၊ ဝဲလက်ဖမိုး မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ဥူးဝိစာရ၊ သက်တော် ၃၂ နှစ်၊ ဝါတော် ၁၂ ဝါ၊ (ဘ)ဦးမောင်ငွေတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် သံဃာတော် ၄ ပါးအား ပခုက္ကူမြို့နယ်၊ မြစ်ခြေ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုများ ပြုလုပ်ပေးနေစဉ် ၁၉၃၀ နာရီတွင် ဥူးနန္ဒာစရိယမှာ ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူသွားခဲ့ပြီး သံဃာတော် ၂ ပါးအား ဆေးကုမှုများ ဆက်လက် ပြုလုပ်ပေးလျက် ရှိသည်။

PDF အမည်ခံ အကြမ်းဖက် သမားများအနေဖြင့် ၎င်းတို့နှင့် အမြင်တူညီခြင်း မရှိသည့် အရပ်သားများနှင့် သံဃာတော်များ ကိုလည်း ပစ်မှတ်ထားကာ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်လျက် ရှိသဖြင့် ပြည်သူများအနေဖြင့် PDF အမည်ခံ အကြမ်းဖက် သမားများ၏ လှုပ်ရှားမှုများအား သက်ဆိုင်ရာသို့ အချိန်မှီသတင်းပေးပို့နိုင်ပါရန် အသိပေး ကြေညာအပ်ပါသည်။