Skip to main content

မြန်မာ့ရိုးရာယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးတဲ့ စိတ်တစ်ခုနဲ့ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ပြီး အရောက်လာခဲ့တာပါ

ဒေါ်ခက်နွယ်အေး

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်၌ အောက်တိုဘာ ၁၁ ရက်မှ စတင်ကျင်းပလျက်ရှိရာ ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကဏ္ဍအလိုက် ပြိုင်ပွဲဝင်များနှင့် ပြိုင်ပွဲဝင် အုပ်ချုပ်သူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။

ဒေါ်သန္တာလင်း (အကဲဖြတ်အဖွဲ့ဝင်၊ တိုင်းရင်းသားရိုးရာ အက/ကဗျာလွတ်/ မွန်ရိုးရာ အက)

ကဗျာလွတ်အဖွဲ့မှာ ယှဉ်ပြိုင်တဲ့အဖွဲ့ ၁၃ ဖွဲ့ခန့် ရှိပါတယ်။ အများစုကတော့ စံသတ်မှတ်ထားတဲ့ ကကွက်တွေကို ပိုင်နိုင်စွာ ကပြခဲ့ကြတာကို မြင်တွေ့ရ ပါတယ်။ ဒါပေမယ့် အဲဒီအထဲမှာ အယူ အဆ အမှားလေးတွေတော့ အနည်းငယ် ရှိပါတယ်။ ဒိုင်အားလုံးက အမှတ်ပေးတဲ့ နေရာမှာ စံသတ်မှတ် ပြဋ္ဌာန်းထားတဲ့ ကကွက်နဲ့ အမှတ်ပေးကြတာမို့ နောင်နှစ်တွေမှာ သတိပြုစေလို တာပါ။ ကဗျာလွတ်မှာ ခွင်ထိုင်တာ၊ ခါးချိုးတဲ့အခါ ခေါင်း၊ ခါး၊ ခြေ၊ လက်၊ မျက်နှာအမူအရာ စတာတွေကို သတိပြုကြရမှာ ဖြစ်ပါတယ်။ အခုလို (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ကျင်းပပေးတာကို ဝမ်းသာပါတယ်။ ဒါမှသာ ရိုးရာအမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ပြီး မျိုးဆက်သစ်တွေကို အဆက်မပြတ် လက်ဆင့်ကမ်းပြီးသား ဖြစ်မှာပါ။

ဦးသိန်းဟန်(ခ) ဦးရန်ကျော်

ဝါသနာရှင် (ပထမတန်း) ကွက်စိပ်ပြိုင်ပွဲ

ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်

ဒီကွက်စိပ်ပြိုင်ပွဲမှာတော့ ဘုရား အလောင်းတော် မဟော်သဓာ ပဏ္ဍိတ ပညာရှိရဲ့ (၇)နှစ်သား အရွယ်နဲ့ အမှုကိစ္စ ဖြေရှင်းပုံကို ဟောပြောယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်တော်က ၂၀၁၆ ခုနှစ်က ကျင်းပတဲ့ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲမှာ ကွက်စိပ်ပညာနဲ့ နှစ်သိမ့်ဆုရဖူးပါတယ်။ အခု မဟော်သဓာ ဇာတ်တော်ကြီးကို ဗဟိုကချပေးလိုက်တဲ့ အချိန်မှာ ကွက်စိပ်ဟောဖို့အတွက် စာရေးဆရာ ညီအစ်ကိုတွေ တိုင်ပင်ပြီး ကိုယ်တိုင်ပဲ ရေးခဲ့ပါတယ်။ ကွက်စိပ်ဟောရာမှာ ရှေးတုန်းက ဒဂုံကျားတို့၊ နေပြည်တော် ဆရာစံတို့၊ ဒဂုံညွန့်တို့ ဒီလိုဆရာကြီးတွေက စားပွဲပေါ်မှာ ပစ္စည်းပေါင်းစုံနဲ့ သရုပ်ပေါင်းစုံ လုပ်ပြီးတော့ ဟောပြောကြသလို ကျွန်တော်တစ်ဦးတည်း ခွဲထွက်ပြီး ဒီပြိုင်ပွဲမှာ အဲဒီလိုယှဉ်ပြိုင်ခဲ့တာ ဖြစ်တဲ့ အတွက် ဆုရခြင်း၊ မရခြင်းကို အပထား နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ ပျော်လည်း ပျော်ပါတယ်။ ကွက်စိပ်ပညာကို ပြန်လည် ဖော်ထုတ်တဲ့ နေရာမှာ ကွက်စိပ်အပေါ်မှာ ပါဠိပါတ်သား၊ ဇာတ်အဝင်အထွက်၊ ဇာတ်ကွက် ပြန်ထွင်ပြီးတော့ ပြောရ၊ ဆိုရတာ ဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့ပညာကို နောင်လာနောက်သား တွေကိုလည်း ရစေချင်တယ်။

မရတနာဝင်းထွဋ် (ကဗျာလွတ်အက ပြိုင်ပွဲဝင်) မွန်ပြည်နယ်ကိုယ်စားပြု

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ကနေ မွန်ပြည်နယ် ကိုယ်စားပြု ကဗျာလွတ် အကပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်တာပါ။ ကဗျာလွတ်အက ပြိုင်ပွဲဝင်ဖို့အတွက် ကျောင်းစာသင်ချိန်လည်း မပျက်အောင် အချိန် နှစ်လဝန်းကျင်လောက် လေ့ကျင့်ခဲ့ပါတယ်။ ယခု (၂၃) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆိုအကပြိုင်ပွဲကြီးကို ပထမဆုံး အကြိမ်အနေနဲ့ ဝင်ရောက် ယှဉ်ခွင့် ရခဲ့တာပါ။ ဒီပြိုင်ပွဲကြီး ပြန်လည် ဖော်ထုတ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲ တွေအားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ လာမယ့်နှစ်မှာ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆိုအက ပြိုင်ပွဲကြီးလည်း ကျင်းပပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

ဒေါ်စိုးစိုးမင်း (ရှမ်းပြည်နယ် ကဗျာလွတ်အကအဖွဲ့ အဖွဲ့ခေါင်းဆောင်)

ဒီကဗျာလွတ်အက ပြိုင်ပွဲဝင်ဖို့ အတွက် ကလေးတွေကို နှစ်လကျော်လောက် လေ့ကျင့်ပြင်ဆင်ခဲ့ ပါတယ်။ အဲဒီကာလအတွင်းမှာ စာသင်ချိန်လည်း မပျက်ရအောင် ကျောင်းအုပ်ချုပ်သူတွေက စီစဉ်ပေးပါတယ်။ အဖွဲ့က ကလေးတွေရဲ့ ကဗျာလွတ်အကမှာ အားရကျေနပ်မှု ရှိပါတယ်။ အခုလို ပြိုင်ပွဲကြီး ကျင်းပပေးတဲ့ အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်း သားပေါင်းစုံနဲ့ ကလေးတွေ အချင်းချင်း တွေ့ခွင့်၊ လေ့လာခွင့် ရလာတယ်။ မိတ်ဆွေ သူငယ်ချင်းတွေ ပေါများလာတယ်။ ဒီပြိုင်ပွဲကြီးရဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာတွေကို ကြည့်ရှုပြီး မျိုးဆက်သစ် ကလေးတွေအတွက် ရိုးရာယဉ်ကျေးမှုတွေ မြတ်နိုးတတ်လာမယ်၊ တန်ဖိုးထား တတ်လာမယ်၊ အဲဒီကတစ်ဆင့် ထိန်းသိမ်း လိုစိတ်တွေ ပေါက်ဖွားလာမယ်လို့ ယုံကြည်ပါတယ်။

မမြဖြူသဲ (ရခိုင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်၊ မွန်ရိုးရာအကပြိုင်ပွဲ)

မွန်အကနဲ့ ယှဉ်ပြိုင်ရတာဆိုတော့ အချိန်ယူ အကတိုက်ခဲ့ရပါတယ်။ အကျိုး ကျေးဇူးအနေနဲ့က တိုင်းရင်းသားရိုးရာ အကတွေကို အခြား တိုင်းရင်းသားတွေက ကပြတဲ့အတွက် ယဉ်ကျေးမှုချင်း ဖလှယ်ရာ ရောက်သလို ပိုပြီးနီးစပ်လာတယ်လို့ ခံစားရတယ်။ ပြီးခဲ့တဲ့ ကာလက ရခိုင်အကနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ရထားတာ ဆိုတော့ အစဉ်အလာကို ဆက်ထိန်းပြီး ဆုရအောင်တော့ ကြိုးစား ထားပါတယ်။ နောက်နှစ်မှာလည်း ဆက်လက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အခြားတိုင်းရင်း သား အကတွေကိုလည်း ကြိုတင်လေ့လာ ပြင်ဆင်ထားမှာပါ။

မလှိုင်းသဇင် (တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု၊ ကဗျာလွတ်အကပြိုင်ပွဲ)

ကဗျာလွတ် အကကို သဘောကျတယ်။ အရင်ကတော့ ကိုယ့်တိုင်းရင်းသား ရိုးရာအကကိုပဲ ကပြခဲ့ဖူးတာ။ ကဗျာလွတ်ကတော့ အားလုံး စုပေါင်းလေ့ကျင့် ကြရတာ။ နည်းနည်းတော့ ပင်ပန်းတယ်။ ယှဉ်ပြိုင်ခဲ့ရတာတော့ တော်တော်လေး အားရကျေနပ်ပါတယ်။ ဒီနှစ်မှစပြိုင်တဲ့ ပြိုင်ပွဲဝင် အသစ်တွေများတယ်။ အခုလို အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး ကျင်းပပေးတဲ့ အတွက်ရော၊ လာရောက် ယှဉ်ပြိုင်ခွင့် ရတဲ့အတွက်ရော သိပ်ကို ကျေးဇူးတင်ပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ပိုရလာသလို ပြိုင်ပွဲမဝင်ခင် အကတိုက်တဲ့ အချိန်တွေ ရော၊ ပြိုင်ပွဲ လာရောက် ယှဉ်ပြိုင်တဲ့အခါ နေပြည်တော်မှာ ဒေသတွေ အများကြီးက မိတ်ဆွေ၊ သူငယ်ချင်းတွေ အတူတူ ဆုံတွေ့ ခင်မင်ခွင့် ရကြတဲ့အတွက်ရော ကျေးဇူးတင်မိပါတယ်။

ဒေါ်ခက်နွယ်အေး (အကအဖွဲ့ အုပ်ချုပ်သူ၊ ကရင်ပြည်နယ်)

အခုနောက်ပိုင်း ကလေးတွေက မြန်မာ့ရိုးရာနဲ့ တိုင်းရင်းသား ရိုးရာအကတွေနဲ့ အလှမ်းဝေးလာ ကြတယ်။ အနောက် တိုင်းနဲ့ အခြားနိုင်ငံတွေက အကတွေကို ပိုပြီး စိတ်ဝင်စားလာကြတယ်။ မြန်မာနိုင်ငံသား အမျိုးသမီးတွေအားလုံး မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုအကကို တန်ဖိုးထားပြီး သင်ယူစေချင်ပါတယ်။ ရိုးရာအကတွေကို လေ့လာစေချင်ပါတယ်။ (၂၃) ကြိမ်မြောက် ပြိုင်ပွဲကြီးမှာ လာရောက် ယှဉ်ပြိုင်ခွင့်ရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ပြည်နယ်အတွင်းက ကလေးတွေကို ရိုးရာယဉ်ကျေးမှု အနုပညာအကြောင်း ပိုပြီးဖြန့်ဝေ နိုင်မယ်လို့ ယုံကြည်ပါတယ်။ နေပြည်တော်အထိ လာရောက် ယှဉ်ပြိုင်ခွင့်ရတဲ့အပေါ် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ အဓိကက မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးတဲ့စိတ် တစ်ခုနဲ့ အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ပြီး အရောက်လာခဲ့ကြသူတွေ ဖြစ်တာမို့ ဆုတွေကိုလည်း မျှော်လင့်မိ ပါတယ်။ နောင်နှစ်တွေမှာလည်း ဖြစ်အောင်လာခဲ့ပြီး ပြိုင်ပွဲတိုင်း ယှဉ်ပြိုင်နိုင်အောင် ကြိုးစားသွားပါမယ်။

မကြည်ပြာဦး (ရခိုင်ပြည်နယ် ကိုယ်စားပြု၊ ဝါသနာရှင် အတီး(ဂီတာ))

အရင်နှစ်တွေကလည်း ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ အနုပညာ မျိုးရိုးလည်းရှိပြီး လက်ရှိမှာလည်း အနုပညာ လုပ်ငန်းတွေကို လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ အဘိုးက ဒုံမင်းဦးတင်ဝင်းဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေက ဒုံမင်း (ဝါသနာရှင်၊ ဒုတိယတန်း) မှာ ရွှေတံဆိပ် ရရှိခဲ့ဖူးသလို ၂၀၁၁-၂၀၁၂ တို့မှာလည်း ဗဟိုအဆင့် ဒုတိယ၊ တတိယဆုတွေ ရရှိခဲ့ဖူးပါတယ်။ အခုလို ဝေးကွာသွားတာ ကြာတော့ ပြန်လည် ကျင်းပစေချင်နေတာပါ။ ယဉ်ကျေးမှုတွေကို ပြန်လည် ဖော်ထုတ်လို့ရသလို အနုပညာ အသိုင်းအဝိုင်းတွေလည်း သိုက်သိုက်ဝန်းဝန်း ပြန်လည် ဆုံတွေ့ခွင့်ရခဲ့လို့ ဝမ်းသာမိပါတယ်။

မြန်မာဂီတာက အနောက်တိုင်း ဂီတာနဲ့ အနည်းငယ်ကွာပါတယ်။ ၂၀၁၀ လောက်က မြန်မာဂီတာကို စတင်လေ့လာခဲ့ပြီး ဆရာသမားတွေရဲ့ စိတ်ရှည် လက်ရှည် သင်ကြားပေးမှုကြောင့် အချိန် တိုတိုနဲ့ တတ်ကျွမ်းလာခဲ့ပါတယ်။ အခြား တူရိယာတွေထက် ဂီတာကို ပိုပြီးသဘော ကျခဲ့ပါတယ်။

မမြင့်မြတ်သဇင်အောင် (အခြေခံပညာအဆင့် ကဗျာလွတ် အကပြိုင်ပွဲဝင်၊ မကွေးတိုင်း ဒေသကြီး)

ဒီပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်ဖို့အတွက် ဇူလိုင်လ ကတည်းကစပြီး ဆရာမ ဒေါ်ချောစုလှိုင်က အခြေခံကဗျာလွတ် အကကို ကျောင်းမှာပဲ သင်ပေးခဲ့ပါတယ်။ ကဗျာလွတ်အကမှာ အခြေခံအဆင့် အကွက် (၄၀)ကို လေ့ကျင့် သင်ကြားခဲ့ရပါတယ်။ အခြေခံ ကဗျာလွတ်အကကို ခရိုင်အဆင့်မှာ ကတည်းက ကြိုးကြိုးစားစားနဲ့ ယှဉ်ပြိုင်ခဲ့ရသလို ဗဟိုအဆင့်မှာလည်း ရွှေတံဆိပ်ဆုရရှိအောင် ထပ်ပြီးတော့ ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ အခုလို ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ရတဲ့အခါ ပင်ပန်းတာတော့ ရှိပေမယ့် ပျော်စရာ လည်းကောင်း ပါတယ်။ ပြိုင်ပွဲတွေ အဆင့်ဆင့် ယှဉ်ပြိုင်ရင်းနဲ့လည်း သူငယ်ချင်းတွေ အများကြီး ရခဲ့ပါတယ်။ လူငယ်မျိုးဆက်သစ် အနေနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းရာမှာ ဒီပြိုင်ပွဲကြီးမှာ တစ်ထောင့် တစ်နေရာကနေ ပါဝင်ခွင့်ရတဲ့ အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။

ဟိန်းဇင်ရတနာမင်း