Skip to main content

ကလေးအလုပ်သမားဖြစ်ပွားမှု အကာအကွယ်ပေးနိုင်ရေး

အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ဝင်ငွေရသည့် လုပ်ငန်းတွင်ဖြစ်စေ၊ ဝင်ငွေမရသည့် လုပ်ငန်းတွင်ဖြစ်စေ အလုပ်လုပ်ကိုင်နေကြရသည့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များသည် ကလေးအလုပ်သမားများပင်ဖြစ်သည်။ စာသင်ခန်းတွင် ပညာသင်ကြားနေကြရမည့်အရွယ် ကလေးသူငယ်များ စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိနေကြရခြင်းမှာ ကလေး၏အနာဂတ်ကိုသာမက နိုင်ငံ၏ အနာဂတ်ကိုပါ ထိခိုက်နစ်နာစေသည်။

၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် စီးပွားရေးတုံ့ဆိုင်းမှုနှင့်အတူ မိသားစုဝင်ငွေကျဆင်းမှုများလည်း အကြီး အကျယ်ဖြစ်ပေါ်ခဲ့ရာ အကျိုးဆက်အဖြစ် ကလေးအလုပ်သမား ဦးရေ တိုးလာခဲ့သည်။ မိမိတို့နိုင်ငံတွင် ကလေးဦးရေ ၁၀၀ လျှင် ကိုးယောက်ကျော်မှာ ကလေးအလုပ်သမားများအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေကြရကြောင်း ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။ မြန်မာကလေးဦးရေ ၁၂ သန်းကျော်တွင် ၁ ဒသမ ၁ သန်းကျော်မှာ ကလေးအလုပ်သမားအဖြစ် အလုပ်လုပ်နေကြရခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ ထက်ဝက်မကသော ကလေးများမှာ အန္တရာယ်ရှိသော အလုပ်များတွင် အလုပ်လုပ်ကိုင်နေကြရခြင်းဖြစ်သည်။ လုပ်ငန်းအမျိုးအစားအလိုက်အားဖြင့် ကလေးလုပ်သားဦးရေ၏ ၇၀ ဒသမ ၉ ရာခိုင်နှုန်းသည် စိုက်ပျိုး ရေးလုပ်ငန်းများတွင်လည်းကောင်း၊ ၁၂ ရာခိုင်နှုန်းသည် စက်မှုကုန်ထုတ်လုပ်ငန်းများတွင်လည်းကောင်း၊ ၁၁ ရာခိုင်နှုန်းသည် လက်လီလက်ကားရောင်းဝယ်ရေးနှင့် ယာဉ်၊ စက်ပြင်ဆင်ရေးလုပ်ငန်းများတွင်လည်းကောင်း အဓိကအားဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်နေကြရခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်က ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင် “ကလေးအလုပ်သမားတိုးပွားလာသည့် လက္ခဏာများကို တုံ့ပြန်နိုင်ရန် ပြည့်စုံသည့် လူမှုအကာအကွယ်၊ ဆင်းရဲသော မိသားစုများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အရွယ်ရောက်ပြီးသူများအတွက် သင့်လျော် ကောင်းမွန်သော အလုပ်အကိုင်များ တိုးမြှင့်ခြင်း၊ ကျောင်းများသို့ ကလေးအားလုံး ရောက်ရှိစေသည့် စီမံချက်များရေးဆွဲဆောင်ရွက်ခြင်း၊ အခမဲ့ပညာရေးနှင့် အလုပ်သမားရေးရာစစ်ဆေးခြင်း၊ ဥပဒေစိုးမိုးခြင်းနှင့်ပတ်သက်၍ ပိုမိုခိုင်မာအောင်ဆောင်ရွက်ခြင်း စသည့်ကဏ္ဍများကို ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ကိုဗစ်-၁၉ ရောဂါကို တုံ့ပြန်ဆောင်ရွက်သည့် မူဝါဒအပေါ်မူတည်၍ ကလေးအလုပ်သမားအရေးပါဝင်သည့် လူမှုအကာ အကွယ်ပေးရေးလုပ်ငန်းများ များပြားလာပါက ကလေးအလုပ် သမားဖြစ်ပွားမှုကို အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ပထမကာလတို (၅) နှစ် (၂၀၁၉-၂၀၂၃) ကို အကောင်အထည်‌ဖော်လျက်ရှိပြီး ဆက်လက်၍ ရေရှည်စီမံကိန်း ချမှတ်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာတာဝန်ရှိဌာန အဖွဲ့အစည်းများနည်းတူ ကလေးအလုပ်သမားပြဿနာနှင့် ဆက်စပ်နေသည့် ကလေးမိဘ/အုပ်ထိန်းသူများနှင့် အလုပ်ရှင်များကလည်း ဝိုင်းဝန်းပါဝင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။