နေပြည်တော် အောက်တိုဘာ ၁၆
မြို့နယ်ပညာရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက မိမိတို့မြို့နယ် ပြန်ရောက်သည့်အခါ ယခုဆွေးနွေးပွဲမှရရှိသည့် အတွေ့အကြုံ၊ ဗဟုသုတနှင့် ပညာရပ်များဖြင့် ကျောင်းအုပ်ကြီးများ မွမ်းမံသင်တန်းဖွင့်လှစ်လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ အသိပညာအတတ်ပညာများ လက်ဆင့်ကမ်းဆောင်ရွက်ခြင်းဖြင့် ပညာရေးဝန်ထမ်းများ၏အရည်အသွေးနှင့် စီမံခန့်ခွဲမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေးအတွက် ညီညီညွတ်ညွတ်ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ မြို့နယ်ဒေသအလိုက် ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှမြို့နယ်ပညာရေးမှူး (၁၃၅) ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး (၃၀) ဦးတို့ တက်ရောက်ကြသည်။
သတင်းစဉ်