Skip to main content

အကြမ်းဖက်သမားများအား ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချတိုက်ဖျက်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နောက်ဆက်တွဲထိခိုက်မှုများ၊ နိုင်ငံရေးအရဖြစ်ပေါ်လာသော အကြမ်းဖက်လုပ်ရပ်များကို အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ အခက်အခဲအနှောင့်အယှက်များနှင့်စိန်ခေါ်မှုများကို အောင်မြင်စွာကျော်ဖြတ်ခဲ့သည်။ မျက်မှောက်ကာလတွင် နိုင်ငံ၏စီးပွားရေးမှာလည်း တိုးတက်ကောင်းမွန်လာပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ဆောင်ရွက်နေသည်။

သို့သော် တိုင်းပြည်ကိုဖျက်ဆီးနေသည့် NUG၊ CRPH အကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို မနာလိုမရှုဆိတ်ဖြစ်ပြီး ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများအား ဆက်လက်သွေးထိုးမြှောက်ပင့်ပေးကာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိအောင်၊ ပြည်သူများသေကျေပျက်စီး ဒုက္ခရောက်အောင်နည်းမျိုးစုံဖြင့် ဖျက်ဆီးနေသည်ကိုတွေ့ရသည်။ PDF အမည်ခံအကြမ်းဖက်သမားများသည် ပြည်သူများကြားတွင် ပြည်သူကိုအကာအကွယ်ယူကာ တိုင်းရင်းသားပြည်သူများကို တိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်လာသည့်အတွက် တပ်မတော်နှင့်ပြည်သူတစ်သားတည်းလက်တွဲပြီး အကြမ်းဖက်ရက်စက်မှုများကို ဆန့်ကျင်တိုက်ဖျက်အမြစ်ဖြတ်ရန် လိုအပ်ပေသည်။

ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများမှာ အလုပ်အကိုင်စီးပွားတိုးတက်ရှာဖွေကြပြီး နေ့ကြီးရက်ကြီးများနှင့်အားလပ်ရက်များတွင် မြန်မာနိုင်ငံအနှံ့အပြား၌ ဘုရားဖူးမြော်သွားလာလည်ပတ်ကြပြီး စိတ်လက်ရွှင်လန်းအပန်းဖြေအနားယူမှုများ ပြုလုပ်နေကြသည်။ ယင်းကာလတွင် မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ နေ့စဉ်အဆက်မပြတ် လာရောက်နေကြသည်။ ထိုသို့အေးချမ်းစွာ ဘုရားဖူးလာရောက်ကြသော ပြည်သူများအား အောက်တိုဘာလ ၁၂ ရက်နေ့နံနက်ပိုင်းက KNLA တပ်မဟာ(၁)နှင့် အကြမ်းဖက်အဖွဲ့ NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ရက်ရက်စက်စက် လာရောက်တိုက်ခိုက်သောကြောင့် အပြစ်မဲ့ဘုရားဖူးပြည်သူသုံးဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်အဖွဲ့ NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများနှင့် အပေါင်းပါ EAO အချို့သည် နိုင်ငံရေးအရ၊ စစ်ရေးအရမဟုတ်ဘဲ အရပ်ဘက်အပြစ်မဲ့ပြည်သူများအား မကြာခဏတိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်နေခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်၍ နိုင်ငံတကာမှလက်မခံသင့်ဘဲ ပြည်တွင်းရှိ တိုင်းရင်းသားပြည်သူများနှင့် အဖွဲ့အစည်းများက ဆန့်ကျင်ရှုတ်ချလျက်ရှိသည်။ အကြမ်းဖက်အဖျက်သမားများ၏ လုပ်ရပ်များကို တိုင်းရင်းသားပြည်သူများကိုယ်တိုင် ကြုံတွေ့ခံစားနေကြရပြီး သက်သေအထောက်အထားများဖြင့် သိရှိနေကြသော်လည်း ပြည်ဖျက်မီဒီယာများက မြန်မာနိုင်ငံသား အပြစ်မဲ့ပြည်သူများအပေါ် စာနာထောက်ထားခြင်းမရှိဘဲ အကြမ်းဖက်အဖျက်သမားများကို ကာကွယ်ပေးပြီး မဟုတ်မမှန်သတင်းများ လိမ်ညာထုတ်လွှင့်နေကြသည်ကို တွေ့ရပေသည်။ သတင်းမီဒီယာကျင့်ဝတ်သိက္ခာ အရှက်တရားကင်းမဲ့စွာဖြင့် လုပ်ကြံထုတ်လွှင့်မှုများကို လက်မခံဘဲ တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာ တို့က တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်သည်။

အကြမ်းဖက်အဖွဲ့ NUG၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေကြသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများကို ထိခိုက်ဒဏ်ရာရရှိစေရန် မကြာခဏကျူးလွန်လျက်ရှိသည့်အပြင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသော လျှပ်စစ်ဓာတ်အားလိုင်းများ၏ တာဝါတိုင်များကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့မှုမရှိစေရေး ရည်ရွယ်ချက်ဖြင့် အများပြည်သူအသုံးပြုသည့် လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ ဖြတ်သန်းသွားလာနေသော ခရီးသည်ပို့ဆောင်ရေးယာဉ်များနှင့် ခရီးသွားပြည်သူများကို အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရမှုများရှိခဲ့သည်။

သို့ဖြစ်ရာ တည်ငြိမ်အေးချမ်းစွာဖြင့် စိတ်အေးချမ်းသာစွာ နေထိုင်သွားလာလုပ်ကိုင်နေကြသော ပြည်သူများအား အကြောင်းမဲ့သက်သက် ဖျက်ဆီးနှောင့်ယှက်သတ်ဖြတ်နေကြသော အကြမ်းဖက်အဖွဲ့ NUG၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများအား တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချကြပြီး အကြမ်းဖက်အဖျက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်