Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၅-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၄-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၅-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၅၉၈)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၃၂၅)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၃.၃၉) ရာခိုင်နှုန်းရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း(၉,၂၄၀,၂၄၃)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (၆၂၈,၃၂၂) ဦး ရှိပြီဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ(၂၀၇)ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူစုစုပေါင်း (၆၀၂,၃၀၆)ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိသေဆုံးသူစုစုပေါင်း (၁၉,၄၇၀)ဦး ရှိပါသည်။

မြန်မာနိုင်ငံတွင် (၂၈-၁-၂၀၂၂) ရက်နေ့မှ (၂၆-၉-၂၀၂၂) ရက်နေ့အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း (၁၄၅)ဦးရှိရာ ၎င်းတို့အနက်(၁၀၂)ဦး (၇၀ ရာခိုင်နှုန်း)မှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ စသည့် နာတာရှည် ရောဂါအခံတစ်ခုခုရှိသူများဖြစ်ကြပါသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသည့် နာတာရှည်ရောဂါ ရောဂါအခံရှိသူများ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ သေဆုံးသူများ၏ (၈၁.၄) ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားခြင်းမရှိသူများဖြစ်ကြပြီး  (၁၇.၂) ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားရှိသူများနှင့် (၁.၄) ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။ 

ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရသူ နာတာရှည်ရောဂါအခံရှိသူများ၏ မိသားစုဝင်များထံမှ သိရှိချက်အရ အဆိုပါသေဆုံးရသူများအနေဖြင့် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများထိုးနှံမှုကို  ခံယူမှုမရရှိခဲ့ခြင်း၏ အဓိကအကြောင်းရင်းများမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ခံယူခြင်း ဖြင့် မိမိတွင်ရှိနေသည့် နာတာရှည်ရောဂါအခံသည် ပိုမိုဆိုးရွားလာမည်ဟူသည့် လွဲမှားသော အယူအဆကြောင့် စိုးရိမ်စိတ်ဖြစ်ပေါ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို လာရောက်မခံယူခြင်း၊ အသက်အရွယ်ကြီးရင့်မှုနှင့် နာတာရှည်ရောဂါအခံကြောင့် ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်ရန် အခက်ခဲရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက အသက်အန္တရာယ်ဆုံးရှုံးနိုင်ခြေ ပိုမိုများပြားသည့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါစသည့် နာတာရှည် ရောဂါအခံတစ်ခုခု ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန်နှင့် ၎င်းတို့၏မိသားစုဝင်များ၊ မိတ်ဆွေများမှလည်း အဆိုပါ နာတာရှည်ရောဂါအခံ တစ်ခုခုရှိသူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံမှုခံယူရေးနှင့်ထပ်ဆောင်းကာကွယ်ဆေးများကို မပျက်မကွက်ထိုးနှံမှုခံယူနိုင်ရေးအတွက် နီးစပ်ရာ ကာကွယ်ဆေးထိုးစုရပ်များ၊ ကျန်းမာရေးဌာနများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် မပျက်မကွက် ဆက်သွယ်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။