Skip to main content

နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအင်္ကုရ ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇော်ပွဲကျင်းပ

မန္တလေး အောက်တိုဘာ ၁၅

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၉)ရက် နံနက် ၈ နာရီ ၄၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားသော မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်၊ မဏိရတနာမြတောင်ကျောင်းတိုက်၏ အဓိပတိမဟာနာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအင်္ကုရ သက်တော်(၉၀)နှစ်၊ သိက္ခာတော်(၇၀)ဝါရှိ မဟာထေရ်မြတ်ကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇော်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဋ္ဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်နှင့် တာဝန်ရှိသူများ၊ ဆွေတော်မျိုးတော်များ၊ ဒါယကာ၊ ဒါယိကာမများ စုံညီစွာတက်ရောက် ဖူးမြော်ကြသည်။

ဦးစွာ ဆရာတော်၊ သံဃာတော်များအမှူးပြု၍ဧည့်ပရိသတ်များက"အနိစ္စာဝတသင်္ခါရာ" စသော သုံးဂါထာရွတ်ဆိုကာ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ဗန်းမော်ကျောင်းတိုက်ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်ကြီး၏ထေရုပ္ပတ္တိအကျဉ်းကို မြတောင်တိုက်အကျိုးတော်ဆောင် ပဒေသာရွှေကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တရာဇိန္ဒာဘိဝံသကလည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ပေးပို့ဆက်ကပ်သည့် သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာကို နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသကလည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆက်ကပ်ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက လည်းကောင်း၊ ဆရာတော်ဘုရားကြီး၏ ဂုဏကိတ္တနသံဝေဂဂါထာများကို မြတောင်တိုက်ရွှေဝါ ဝင်းကျောင်းဆရာတော် ဦးဉာဏောဒယကလည်းကောင်း ရွတ်ဖတ်ပူဇော်ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တပည့်ဒါယကာ၊ ဒါယိကာမများက ဆရာတော်အရှင်သူမြတ်များကို သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ မြတောင်ကျောင်းတိုက် ဩဝါဒါစရိယသာယာဝင်းဆရာတော်ထံမှ သံဝေဂကထာနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် မြတောင်တိုက် စံကင်းမြိုင်ကျောင်းဆရာတော် ဘဒ္ဒန္တဇနကမှအပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် လျှောက်ထားသည့် ဂါထာဖြင့်လည်းကောင်း၊ မြတောင်တိုက် ရန်ကုန်ကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒမေဓာက ပစ္ဆိမဝန္ဒနာဂါထာဖြင့်လည်းကောင်း ရွတ်ဖတ်ပူဇော်ကန်တော့ပြီး ရွှေတောင်မြို့ မန္တလေးကျောင်းဆရာတော် ဦးသောဘိတကအပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် ဝန်ချတောင်းပန်ကန်တော့လွှာကို တပည့် သံဃာ၊ ဒါယကာ၊ ဒါယိကာမများအား ရှေ့မှတိုင်ကြားပေးခြင်းကိုလည်းကောင်း အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး မဟာအောင်မြေမြို့နယ် သံဃနာယကဥက္ကဋ္ဌ  မြတောင်တိုက်ခေမာဝင်းကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မက ဆရာတော်ဘုရားကြီးအား ကရဝိတ်ဖောင်တော်မြတ်ယာဉ်ပေါ်သို့ လိုက်ပါကြွတော်မူပါရန် အဘိယာစနနိမန္တနဂါထာကို ရွတ်ဖတ်ပူဇော်ကာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တပည့်သံဃာတော်များ၊  ဆွေတော်မျိုးတော်များက ပင့်ဆောင်ပူဇော်ကြပြီး မဏိရတနာမြတောင်ကျောင်းတိုက်မှ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇော် ကျင်းပသည့် အေးရိပ်ငြိမ်းသုသာန်၊ တေဇောဓာတ်ပူဇော်မည့်နေရာသို့ပင့်ဆောင်၍ တေဇောဓာတ်မီးပူဇော်ကာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်တို့က အနိစ္စာဝတသင်္ခါရာအစရှိသော သုံးဂါထာကိုရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့် ကြွင်းကျန်ရစ်သောအရိုးပြာများကို အောက်တိုဘာ ၁၆ ရက်တွင် ဧရာဝတီမြစ်အတွင်း ရေမြောပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)