Skip to main content

အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက် စံနှုန်းများနှင့်အညီ သင်ကြားပို့ချမွေးထုတ်ပေး

နေပြည်တော် အောက်တိုဘာ ၁၄

အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းများ ပြန်လည်သုံးသပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် ၂၀၁၉ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံအဆင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံပူးပေါင်းဆောင်ရွက်မှုစတင်ဖြစ်ပေါ်လာချိန်မှစ၍ ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်လာခဲ့မှုအခြေအနေများအရ ဟိုတယ်နှင့်ခရီးလှည့်လည်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ၃၂ မျိုးအတွက် ၂၀၁၂ ခုနှစ်မှစ၍ ASEAN MRA-TP အစီအစဉ်အရ အခြေခံဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရာတွင်လည်း အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များအတွက် အခြေခံကျွမ်းကျင်မှုစံနှုန်းများကို စုဖွဲ့ထားရှိပြီး စံနှုန်းများနှင့်အညီ သင်ကြားပို့ချမွေးထုတ်ပေးရန်လိုအပ်သလို အခြားတစ်ဖက်တွင်လည်း ကျွမ်းကျင်မှုစံနှုန်းများကို ခေတ်ကာလအလိုက် ပြင်ဆင်မွမ်းမံရန်လိုအပ်ပါကြောင်း၊ ASEANMRA-TP အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းစီမံချက် ၂၀၁၈-၂၀၂၃ တွင် ထည့်သွင်းဖော်ပြချက်အရ ကျွမ်းကျင်မှုစံနှုန်းများကို ခေတ်အခြေအနေအရ ပြန်လည်လေ့လာသုံးသပ်ရန် မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် ၂၀၁၉ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့သော အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေးက အတည်ပြုခဲ့ပြီးဖြစ်ပါ ကြောင်း၊ ကျွမ်းကျင်မှုစံနှုန်းများ ပြောင်းလဲသွားသည့်အတွက် ဆက်စပ်လုပ်ငန်းစဉ်များဖြစ်သည့် ကျွမ်းကျင်မှုအဆင့်အလိုက် စံနှုန်းများစုဖွဲ့ခြင်းနှင့် အဓိကတာဝန်ယူဆောင်ရွက်မည့်စံနှုန်းများ ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။

ဦးဆောင်နိုင်ငံဖြစ်သည့် မိမိတို့အနေဖြင့် လုပ်ငန်းညွှန်းတမ်းနှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲထားရှိပြီး သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ပထမမူကြမ်းထွက်ရှိလာခြင်းဖြစ်ပါကြောင်း၊ ပထမမူကြမ်းအပေါ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သက်ဆိုင်ရာဟိုတယ်နှင့်ခရီးလှည့်လည်လုပ်ငန်းဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များစုပေါင်း၍ နိုင်ငံအဆင့်ညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်ဆောင်ရွက်ရန် တိုက်တွန်းထားရှိပြီးဖြစ်ပါကြောင်း၊ လာအိုနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အပြုသဘော ဆောင်သည့် အကြံပြုချက်များ လက်ခံရရှိထားပါကြောင်း၊ အကြံပြုချက်များအပေါ်အခြေခံ၍ ဒုတိယမူကြမ်းထွက်ရှိလာမည်ဖြစ်ပြီး အာဆီယံအဆင့်ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲကို Hybrid စနစ်ဖြင့် မြန်မာနိုင်ငံမှ နိုဝင်ဘာလနှောင်းပိုင်း၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်ရန် လျာထားစီစဉ်လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် မိမိတို့နိုင်ငံ၏ လိုအပ်ချက်များနှင့် အကြံပြုချက်များကို စုပေါင်းဆွေးနွေးအကြံပြုစေလိုပါကြောင်းနှင့် လာမည့်အာဆီယံအဆင့် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲတွင် အခြားအဖွဲ့ဝင်နိုင်ငံများက ကိုယ်စားလှယ်များပါ စုပေါင်းပါဝင်တက်ရောက်ဆွေးနွေးကြမည်ဖြစ်ပါသဖြင့် မိမိတို့အနေဖြင့် ယခုကဲ့သို့ နိုင်ငံအဆင့်ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ်ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်ပါသဖြင့် အဆင့်အတန်းရှိသော ရလဒ်များထွက်ပေါ်လာရေး အားလုံးဝိုင်းဝန်း ဆွေးနွေးအကြံပြုပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းများ ပြန်လည်သုံးသပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းဆိုင်ရာ နောက်ဆက်တွဲ လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်က ပထမမူကြမ်းရေးဆွဲခဲ့မှုကိုလည်း ကောင်းဆွေးနွေးရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်