Skip to main content

ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၁၀၈/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ တပ်တွင်းစည်းလုံးညီညွတ်မှုနှင့် တပ်ပြင်စည်းရုံးရေး ပိုမိုအလေးထားဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၄

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၀၈)ရဲဗလတပ်ခွဲ၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်က ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲကိုစစ်ဆေးပြီး ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ယင်းနောက် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း မေလင်းခိုင်၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်းဝေလွင်ဦး၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်းမေလင်းခိုင်၊ ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်းသီဟန်မျိုး၊ အင်္ဂလိပ်စာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်းအေးပွင့်ဖြူတို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က သင်တန်းဆင်းဒုတိယရဲအုပ်လောင်းများသည် တက္ကသိုလ်အသီးသီး၌ စာပေပညာများကို လေ့လာဆည်းပူးခဲ့ကြသလို တပ်ဖွဲ့အသီးသီးမှာ ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန်ထမ်းဆောင်ကြရမည့်သူများ ဖြစ်သည်နှင့်အညီ ခေါင်းဆောင်မှုအရည်အသွေးများကို ကောင်းစွာသိရှိနားလည်ပြီး တပ်တွင်းစည်းလုံးညီညွတ်မှုနှင့် တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကို ပိုမိုကျစ်လျစ်ခိုင်မာအောင် အလေးထားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် မျက်မှောက် ခေတ်ကာလတွင် ပြည်သူများဘဝ အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို အလေးထားအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လိုက်နာရမည့် အစဉ်အလာကောင်း(၁၂)ရပ်၌ပါရှိသည့် “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်းလက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့်အချက်နှင့်အညီ တပ်မတော်နှင့်အတူလက်တွဲ၍ လက်ရှိနိုင်ငံတော်၏ အခြေအနေကို တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ၁၉၆၅ ခုနှစ်မှစ၍ အမျိုးသမီးရဲတပ်ဖွဲ့ဝင်များကို ရဲတပ်ဖွဲ့၏ အဆင့်အသီးသီး၌ စတင်ခန့်အပ်တာဝန်ပေးခဲ့ပြီး အမျိုးသမီးရဲအရာရှိများကို စဉ်ဆက်မပြတ် အမျိုးသားရဲအရာရှိများနှင့်အတူ အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့ကာ အမျိုးသမီးရဲအရာရှိငယ်များအနေဖြင့်လည်း ပေးအပ်သည့်တာဝန်များကို စွမ်းရည်ပြည့်ဝကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အတွက် လုပ်ငန်းတာဝန်များကို ရဲရင့်ထက်မြက်စွာ ဆောင်ရွက်နိုင်အောင်ကြိုးပမ်းသွားကြရန် လိုအပ်ကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းဖြစ်သည်နှင့့်အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပ​ဒေ၊ နည်းဥပဒေ​များနှင့် ထုတ်ပြန်ထားသည့်အမိန့်နှင့် ညွှန်ကြားချက်များကို စောင့်ထိန်းလိုက်နာပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ​ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက်(၉)ရပ်တို့ကို အောင်မြင်အောင် မိမိတို့ကျရာကဏ္ဍအလိုက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များဆောင်ရွက်ရာမှာ ဥပဒေလုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များကို သိရှိနားလည်ကျွမ်းကျင်ပြီး အဂတိတရားကင်းရှင်းစွာနှင့် နည်းစနစ်တကျမှန်ကန်စွာ ထမ်းဆောင်သွားကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယရဲချုပ် (၂) (လုံခြုံ/မှုခင်း) ရဲဗိုလ်ချုပ်အောင်နိုင်သူ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ပါမောက္ခချုပ်ဦးကျော်စိုး၊ ရဲအရာရှိကြီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၀၈) ရဲဗလတပ်ခွဲတွင် တပ်တွင်းဘွဲ့ရအမျိုးသား ၁၉၃ ဦး၊ အမျိုးသမီး ၁၄၈ ဦး စုစုပေါင်း ၃၄၁ ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်