Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ရုပ်သေးကြိုးဆွဲပြိုင်ပွဲနှင့် ကာလပေါ်တေးသီချင်းအဆိုပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်းဟာသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ကျင်းပသည့် ရုပ်သေးကြိုးဆွဲပြိုင်ပွဲသို့တက်ရောက်ပြီး ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသား/ အမျိုးသမီး ရုပ်သေးကြိုးဆွဲ ပြိုင်ပွဲဝင်များက မင်းသား၊ မင်းသမီးနှင့် ဇော်ဂျီကြိုးဆွဲရုပ်သေးရုပ်များကိုကြိုးများဖြင့် ကျွမ်းကျင်စွာထိန်းချုပ်ပြီး မြန်မာ့ရိုးရာကကွက်များအပြင် ကိုယ်ဟန်အနေအထားအမျိုးမျိုး၊ အမူအရာအမျိုးမျိုးတို့ကို အနုပညာမြောက် သရုပ်ဖော်တင်ဆက်ပြသယှဉ်ပြိုင်ခဲ့ကြသည်။

အလားတူ ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးစိုင်းလုံးဆိုင်သည် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) Signing Room ၌ ကျင်းပသည့် “ကာလပေါ်” တေးသီချင်းအဆိုပြိုင်ပွဲသို့တက်ရောက်ပြီး ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါပြိုင်ပွဲတွင် အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀နှစ်အတွင်း) အမျိုးသားပြိုင်ပွဲဝင်များနှင့် အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး)ပြိုင်ပွဲဝင်များက ထင်ရှားကျော်ကြားလှသည့် ကာလပေါ်တေးသီချင်းများအား ငြိမ့်ညောင်းသာယာနားဝင်ပီယံရှိစေမည့် အသံနေအသံထားများဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်