နေပြည်တော် အောက်တိုဘာ ၁၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီတော်အနီးရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင်ဖွင့်လှစ်မည့် ဒီပလိုမာ(၁)နှစ်သင်တန်းသို့ ပြည်တွင်း/ပြည်ပမှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များ တက်ရောက်နိုင်ရန်အတွက် လျှောက်လွှာများအား စတင်ခေါ်ယူထားပြီးဖြစ်ကြောင်း သိရသည်။
ဒီပလိုမာ(၁)နှစ်သင်တန်းအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ ပြည်တွင်းရဟန်းတော်များသည် ဓမ္မာစရိယတန်းအောင်မြင်ပြီးသူဖြစ်ရမည်ဖြစ်ပြီး ပြည်တွင်းသာသနာ့နွယ်ဝင်သီလရှင်များနှင့် လူပုဂ္ဂိုလ်များသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိရမည်ဖြစ်သည်။ ပြည်ပလျှောက်လွှာရှင်များသည် သက်ဆိုင်ရာအစိုးရပညာရေးဌာနကကျင်းပသော တက္ကသိုလ်ဝင်တန်းအဆင့် အောင်မြင်သူဖြစ်ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်မည့်သူများသည် အင်္ဂလိပ်စာ 4 Skills ကျွမ်းကျင်ရမည်ဖြစ်ကာ အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိပြီး ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် ပါရှိရမည်ဖြစ်သည်။
ပညာဆည်းပူးနေစဉ်ကာလတစ်လျှောက် ပြည်တွင်းသင်တန်းသားရဟန်းတော်များ၊ ပြည်ပသင်တန်းသားများ၏ နေထိုင်စားသောက်ရေးကို တက္ကသိုလ်က တာဝန်ယူပေးမည်ဖြစ်ပြီး ပြည်တွင်းသင်တန်းသားသီလရှင်များ၏ နေထိုင်ရေးအတွက် တက္ကသိုလ်တွင် အဆောင်နေရာလစ်လပ်ပါက စီစဉ်ပေးမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက www.itbmu.org.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်