ရန်ကုန် အောက်တိုဘာ ၁၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ရောက်ရှိပြီး MITV News Studio ပြန်လည်တည်ဆောက်မှု၊ ရုပ်သံ Tower များ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
တွေ့ဆုံနှုတ်ဆက်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် MITV NewsStudio ပြန်လည်တည်ဆောက်ရန်အတွက် Studio-2 တွင်ယာယီ Studio ပြင်ဆင်ဆောင်ရွက်နေမှုနှင့် MITV News Studio တွင် သတင်း ဖတ်ကြားမှုအခြေအနေများကိုလည်းကောင်း၊ MITV သတင်းခန်းတွင် ယာယီအသံဖမ်း Studio ဆောက်လုပ်ပြီး လုပ်ငန်းဆောင်ရွက်နေမှုအပါအဝင် သတင်းခန်း၏လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ် ဆက်သည်။
MITV News Studio ကို ၂၀၁၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့ရာ ယခုအခါ နှစ်ကာလကြာမြင့်ပြီး ဒီဇိုင်းအသစ်ပြင်ဆင်ပြောင်းလဲနိုင်ရန်အတွက် အချိန်တစ်လခန့်ဖြင့် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ရာ ထိုသို့ဆောင်ရွက်နေစဉ် သတင်းထုတ်ပြန်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် Studio-2 တွင် ယာယီ News Studio အဖြစ် တည်ဆောက်အသုံးပြုခြင်းဖြစ်သည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ 9 Meter Earth Station သို့ သွားရောက်ပြီး ရုပ်သံအစီအစဉ်များအား ဂြိုဟ်တုဆက်ကြောင်းများ၊ ဖိုက်ဘာဆက်ကြောင်းများဖြင့် ထုတ်လွှင့်ပေးပို့ခြင်းနှင့် ဖမ်းယူဖြန့်ဝေခြင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ 9 Meter Earth Station ကို ၁၉၉၇ ခုနှစ်အတွင်း စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(ရန်ကုန်)တွင် ရိုက်ကူးသည့် အစီအစဉ်များနှင့် Content Provider များဖြစ်သည့် Channel K, YTV, Fortune TV များနှင့် ပုဂ္ဂလိက FM လိုင်းများမှ ရုပ်သံအစီအစဉ်များကို ဖိုက်ဘာနှင့်ဂြိုဟ်တုဆက်ကြောင်းများမှတစ်ဆင့် နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ပေးပို့လျက်ရှိသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် 200Meter Tower သို့ ရောက်ရှိပြီး Tower ကြံ့ခိုင်မှု၊ Analogue နှင့် DVB-T2 ထုတ်လွှင့်စက်များ၊ FM ထုတ်လွှင့်စက်များ၊ MRTVDAB+ နှင့် ရေဒီယိုထုတ်လွှင့်စက်များ၏ ထုတ်လွှင့်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထုတ်လွှင့်ပေး
အဆိုပါ 200Meter Tower ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ရွှေသံလွင်ကုမ္ပဏီတို့အကျိုးတူပူးပေါင်း၍ ၂၀၁၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်မှစ၍ လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Analogue နှင့် DVB-T2 ရုပ်သံလိုင်းများ၊ မြန်မာ့အသံ FM ရေဒီယိုများ၊ MRTV DAB+ ထုတ်လွှင့်မှုများ၊ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်နှင့် Forever Group Co.,Ltd တို့၏ ရုပ်သံအစီအစဉ်များနှင့် ပုဂ္ဂလိက FM အစီအစဉ်များအား ထုတ်လွှင့်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်