နေပြည်တော် အောက်တိုဘာ ၁၄
NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုသည့် လမ်းကြောင်းများတွင်မိုင်းထောင်ခြင်း၊ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများအား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ချင်းပြည်နယ်၊ တီးတိန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ်အား ယနေ့ညနေ ၃ နာရီခန့်တွင် တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာသို့ရောက်ရှိစဉ် မော်တော်ယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း ၅ လုံးဖြင့် အကြောင်းမဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ မော်တော်ယာဉ်လေကာမှန်များ မိုင်းစထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ခရီးသွားပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိသည်။
ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်းမပေါ်၌ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။