နေပြည်တော် အောက်တိုဘာ ၁၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်အား အခုလ(၁၂)ရက် မနက်ပိုင်းတွင် KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့ရာ ဘုရားဖူးပြည်သူ (၃) ဦး သေဆုံးခဲ့ပြီး (၁၉)ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်းထန်စွာရှုတ်ချကြောင်းကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အထက်မြန်မာပြည် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(မန္တလေး)မှ သံဃာတော်များနှင့် မန္တလေးမြို့နေ အကြမ်းဖက်မှုများကို မလိုလားသော ဒေသခံပြည်သူများစုပေါင်း၍ မဟာမြတ်မုနိဘုရား၊ အောင်တော်မူဘုရားနှင့် စန္ဒာမုနိဘုရား အနီးတစ်ဝိုက်တို့တွင် “ဗုဒ္ဓဘာသာကို အကြမ်းဖက်သော အစွန်းရောက်လူသတ်ကောင်များအလိုမရှိ၊ KNLA ၊ NUG ၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ အလိုမရှိ၊ KNLA ၊ NUG ၊ CRPH အမည်ခံအကြမ်းဖက်အဖွဲ့များ၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားတို့၏ ကျိုက်ထီးရိုးဘုရားဖူးပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုလုပ်ရပ်အားဆန့်ကျင်ကြ” စသည့် ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ အေးချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။