Skip to main content

ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အထင်အမြင်လွှဲမှားစေရန် လုပ်ကြံဖန်တီးသတင်းဖော်ပြမှုများအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်

နေပြည်တော် အောက်တိုဘာ ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်စွာဘုရား၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်အား အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းတွင် KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်ကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းမီဒီယာအချို့က တိကျသေချာခြင်းမရှိသော အချက်အလက်များ၊ ပြောကြားချက်များအပေါ်အခြေခံ၍ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့မှုအပေါ် အထင်အမြင်လွှဲမှားစေနိုင်သော လုပ်ကြံဖန်တီးထားသည့် သတင်းဖော်ပြချက်များကို ရေးသားဖော်ပြလျက်ရှိသည်။

အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုများကြောင့် ဘုရားဖူးပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့မှုအခြေအနေမှန်များကို သိရှိနိုင်ရန် မျက်မြင်သက်သေများ၊ လုံခြုံရေးကင်မရာများ၊ အကြမ်းဖက်သမားများ ဝင်ရောက်ပစ်ခတ်သည့် လမ်းကြောင်းနှင့်နေရာများ၊ အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့သည့် နေရာများအား အသေးစိတ်စစ်ဆေးခဲ့ရာ အောက်ပါအတိုင်း တွေ့ရှိခဲ့ရသည်-

(က) KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား ၁၅ ဦးခန့်သည် ဆောင်နိုင်ကြီးကျေးရွာမှ ကဒတ်ချောင်းတံတားကိုဖြတ်၍ Vego အမျိုးအစား ခဲရောင်မော်တော်ယာဉ်ဖြင့်လာရောက်ပြီး ကင်မွန်းချောင်းတောင်တက်ကားဂိတ်၏ အနောက်နှင့် အနောက်တောင်ဘက်များရှိ ဆိုင်ခန်းများတွင် နေရာယူခဲ့ကြောင်း။

(ခ) ဆိုင်ခန်းများအတွင်း ဖြန့်ခွဲနေရာယူကာ တောင်တက်ကားဂိတ်အတွင်းရှိ ယာဉ်အမှတ်၊ 3K-6534 ဘုရားဖူးယာဉ်ပေါ်သို့ ဘုရားဖူးပြည်သူများ တက်ရောက်နေစဉ် လက်နက်ငယ်များဖြင့် အတွဲလိုက်စတင်ပစ်ခတ်ခဲ့ကြောင်း။ ထိုသို့ စတင်ပစ်ခတ်ခြင်းကြောင့် ဘုရားဖူးယာဉ်ပေါ်သို့ တက်သည့် စင်ပေါ်မှ အမျိုးသမီး ၁ ဦး၊ ယာဉ်ပေါ်မှ အမျိုးသမီး ၁ ဦးနှင့် ယာဉ်ပေါ်တက်လှေကား ပထမအဆင့်ပေါ်တက်နေသော အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦး လက်နက်ငယ်ကျည်ထိမှန်၍ လဲကျသေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်နှင့် ယာဉ်အနီးရှိ ဘုရားဖူးပြည်သူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကာ အမျိုးသမီး ၁ ဦးမှာ စတင်ပစ်ခတ်ချိန် ကျည်ထိမှန်လဲကျသေဆုံးသွားသည်ကို လုံခြုံရေးကင်မရာအရ တွေ့ရှိရကြောင်း။ ထိခိုက်ဒဏ်ရာရရှိသူအများစုသည် အဆိုပါဘုရားဖူးယာဉ်ပေါ်နှင့် အနီးတစ်ဝိုက်ရှိနေသူများသာ ဖြစ်ကြောင်း။

(ဂ) ရိုင်းစိုင်းယုတ်မာသည့် ဘာသာမဲ့အကြမ်းဖက်သမားများက တောင်တက်ကားဂိတ်အတွင်းသို့ နိုင်ငံတဝှမ်းမြန်မာတို့၏ ဝါကျွတ်ကာလ မင်္ဂလာရှိသည့် အကြောင်းအရာများကို နိုင်ငံသားအများစုက ပျော်ရွှင်အေးချမ်းစွာ ဆောင်ရွက်နေမှုကို ပျက်စီးစေရန် အကြောင်းမဲ့ အကြမ်းဖက်မှုကို ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်ခဲ့သဖြင့် ဘုရားဖူးပြည်သူ သေဆုံးဒဏ်ရာရချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အများပြည်သူများ၏ အသက်အန္တရာယ်ကာကွယ်ရန်အလို့ငှာ ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများက ၄၀ မမဗုံးသီးများ၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း။

(ဃ) ပစ်ခတ်ပြီးချိန်တွင် အကြမ်းဖက်သမားများသည် မော်တော်ယာဉ်ဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ထွက်ခွာချိန်တွင် မော်တော်ယာဉ်ပေါ်မှ အောင်ထူးစံကားဂိတ်အား လက်နက်ငယ်ဖြင့် ထပ်မံပစ်ခတ်သွားကြောင်း။

(င) အကြမ်းဖက်သမားများ အကာအကွယ်ရယူခဲ့သော အဆောက်အဦနှင့် တောင်တက်ကားဂိတ်တည်ရှိရာသို့ ကျည်သွားလမ်းကြောင်းအရ ဘုရားဖူးယာဉ်၏ နောက်ပိုင်းအနီးရှိ သံထိုင်ခုံအရှည်၏ နောက်ကျောမှီ၌ ကျည်ဖောက်ဝင်ရာများ၊ ကားပေါ်တက်သည့် စင်လက်ယမ်းတိုင်၌ ကျည်ဖောက်ဝင်ရာများ၊ ယာဉ်ရပ်နားထားသည့် ဘေးရှိအုတ်တိုင်များတွင် ကျည်ဖောက်ဝင်ရာများ တွေ့ရှိရသဖြင့် အကြမ်းဖက်သမားများက အတွဲလိုက်စတင်ပစ်ခတ်စဉ် လက်နက်ငယ်ကျည်များ တိုက်ရိုက်ထိမှန်ခဲ့ပြီး ဘုရားဖူးပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘာသာမဲ့အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာမှုလုပ်ရပ်ကိုလည်း အဆိုပါ နေရာတစ်ဝိုက်ရှိ လုံခြုံရေးကင်မရာမှတ်တမ်းများမှ ဖမ်းယူရရှိထားပြီး အထောက်အထားများအရ ယုတ်မာရက်စက်သည့် အကြောင်းမဲ့အကြမ်းဖက်သူများဖြစ်သည့် KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုများကြောင့်သာ ဘုရားဖူးပြည်သူများ သေဆုံးဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

မြေပြင်အခြေအနေနှင့် ဗုဒ္ဓဘာသာဝင်များအပါအဝင် အကြမ်းဖက်မှုကိုလုံးဝဆန့်ကျင်ကြသည့် မြန်မာနိုင်ငံသားများ၏ ဆိုရှယ်မီဒီယာများမှ ပြောဆိုမှုများအပြင် တိကျခိုင်မာသောအထောက်အထားများအရ နိုင်ငံတော်အစိုးရအနေဖြင့် တရားဝင်သတင်း ထုတ်ပြန်ထားသော်လည်း အဆိုပါသတင်းအပေါ် မျက်ကွယ်ပြုလျက် ငါ့စကားနွားရ ပုံစံဖြင့် မြန်မာနိုင်ငံအပေါ် အဆိုးမြင်ဝါဒီများ၏ လက်ကိုင်တုတ်များဖြစ်သည့် ဗြောင်လိမ်ဗြောင်စား ဧရာဝတီနှင့် ဘီဘီစီသတင်းဌာနများ၏ မြန်မာပိုင်းအစီစဉ်မှ အဓိပ္ပာယ်မဲ့သော အောက်လုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့များက ဘုရားဖူးများအား ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့မှုသည် သတင်းမီဒီယာကျင့်ဝတ်အား အရှက်တရားကင်းမဲ့စွာချိုးဖောက်ခြင်းဖြစ်၍ အဆိုပါသတင်းဌာနများအား ဆက်သွယ်ရေးဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့် လုံခြုံရေး တပ်ဖွဲ့များအပေါ် မဟုတ်မမှန် အသေရေဖျက်စွတ်စွဲမှုအတွက် တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။