နေပြည်တော် အောက်တိုဘာ ၁၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များအား နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် တရုတ်နိုင်ငံအစိုးရအနေဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကို ဆွေးနွေးလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ တရုတ်နိုင်ငံမှပေးအပ်သည့် အကူအညီများဖြင့် ဆောင်ရွက်မည့် လူမှုစီးပွားရေးအစီအစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးတိုးမြှင့်မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနအရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်