Skip to main content

ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားနှင့် အမျိုးသားစံချိန်စံညွှန်းကောင်စီ အစည်းအဝေး(၂/၂၀၂၂)ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၄

မြန်မာနိုင်ငံ၏ အမျိုးသားအရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံတွင် အဓိကမဏ္ဍိုင်ကြီးများဖြစ်သော စံချိန်စံညွှန်းသတ်မှတ်ခြင်း (Standardization)၊ အသိအမှတ်ပြုခြင်း (Accreditation)၊ တိကျစွာတိုင်းတာခြင်း(Metrology)၊ ဓာတ်ခွဲတိုင်းတာခြင်း (Testing)နှင့် အရည်အသွေးထောက်ခံ ချက်ပြုရေး(Certification) လုပ်ငန်းစဉ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားစံချိန်စံညွှန်း ကောင်စီအဖွဲ့ဝင်များ၏ လမ်းညွှန်ချက်၊ အကြံပြုချက်များနှင့်အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပြောကြားသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ကျင်းပသည့် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M GALLERY Hotel ၌ကျင်းပရာတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ယင်းသို့ပြောကြားခြင်းဖြစ်သည်။

ဆက်လက်၍ ဒေသတွင်းတိကျစွာတိုင်းတာမှု နည်းပညာဆိုင်ရာအဖွဲ့နှင့် အသိအမှတ်ပြုအဖွဲ့များဖြစ်သော Asia Pacific Accreditation Cooperation နှင့် Asia Pacific Metrology Programe တို့၏ အဖွဲ့ဝင်များအဖြစ်ဝင်ရောက်ပြီး အဖွဲ့ဝင်အဖြစ် ခိုင်မာစွာ ရပ်တည်နိုင်မည့်လုပ်ငန်းစဉ်များ၊ capacity building program များ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတွင်းအရည်အသွေးကိုက်ညီမှုအစီအစဉ်များကို နိုင်ငံတကာမှ လက်ခံနိုင်မှာဖြစ်ပြီး ကုန်သွယ်မှုတွင် ကြုံတွေ့ရသည့် နည်းပညာအခက်အခဲများကို ကျော်လွှားနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာစေခြင်း၊ အချိန်နှောင့်နှေးမှုမရှိခြင်းနှင့် ဈေးကွက်တွင် ယုံကြည်မှုရရှိစေခြင်းတို့ကြောင့် ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေမှာဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ကြီး၏ Secretary GeneralMr Sergio Mujica ၏ World Standards Day (2022) message နှင့် ISO ၏ World Standards Day (2022) ဆိုင်ရာဗီဒီယိုမှတ်တမ်းပြသခြင်း၊ အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ပတ်သက်၍ Panel Discussion တွင် တာဝန်ရှိသူများက အမျိုးသားအဆင့်အရည်အသွေး အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အမျိုးသားအဆင့် အရည်အသွေးထောက်ခံချက်ပြုရေးလုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများမှ ထုတ်လုပ်မှုအလေ့အကျင့်သို့ ကူးပြောင်းခြင်း၊ မြန်မာနိုင်ငံရှိ ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး လိုအပ်သောအကြံပြုချက်များအား ဆွေးနွေးတင်ပြကြပြီး အမျိုးသားအဆင့်အရည်အသွေး ထောက်ခံချက်ပြုရေးအဖွဲ့တွင် သတ်မှတ်သုံးစွဲမည့် Logo အား Logo Competition ပြိုင်ပွဲကျင်းပ၍ ရွေးချယ်ခဲ့ကြပြီး ဆုရရှိသူများအား ဆုချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များက အမျိုးသားအဆင့်အရည်အသွေး အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပိုစတာများပြသခြင်းကို လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီအဖွဲ့ဝင်များ၊ နည်းပညာဆပ်ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အစိုးရ−ပုဂ္ဂလိကကဏ္ဍများ၊ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီ (၂/၂၀၂၂)အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။     

(သတင်းစဉ်)