နေပြည်တော် အောက်တိုဘာ ၁၄
စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးရေး၊ ဒေသတွင်းမှထွက်ရှိသော ကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်သွင်းအားစုများအနက် အဓိကတစ်ခုဖြစ်သည့် ဓာတ်မြေဩဇာများ ပိုမိုတိုးတက်ထုတ်လုပ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို ပူးပေါင်းညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်တို့သည် ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုဇုန်အတွင်းရှိ ကမ္ဘာကျော်ဓာတ်မြေဩဇာစက်ရုံ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်ကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်မှုပုံစံမျိုးဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် အကြီးစားစက်မှုလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးနိုင်သည့် အထောက်အကူပြု စက်မှုလုပ်ငန်းများအဖြစ် ပါဝင်ဆောင်ရွက်ပြီး တန်ဖိုးကွင်းဆက်ကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာနှင့် အတိုးနှုန်းသက်သာသည့် ချေးငွေများပံ့ပိုးပေးခြင်း၊ ခိုင်မာသော ဈေးကွက်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်၏စီးပွားရေး အချိုးညီဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ပိုမိုရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်နှင့် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များ အတူလက်တွဲ၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စက်မှုဇုန်အတွင်း၌ လက်ရှိလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းများကို ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင် ရွက်သွားမည်ဖြစ်သလို လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသေးသည့် လုပ်ငန်းများကိုလည်း အစပျိုး လုပ်ကိုင်နိုင်အောင် လိုအပ်ချက်များကို ဖော်ထုတ်၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ စက်မှုဇုန်အတွင်း၌ ကျန်ရှိသည့် မြေကွက်များကိုလည်း အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအား စိစစ်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်လာမှသာ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော၊ ဖွံ့ဖြိုးတိုးတက်ရန် အလား အလာရှိသော ရင်းနှီးမြှုပ်နှံမှုများဖြစ်စေရန် အစိုးရ၊ ဌာနဆိုင်ရာနှင့် လုပ်ငန်းရှင်ဆိုသည့် ထောက်တိုင် (၃)ရပ်ဖြင့် ဟန်ချက်ညီညီ ပေါင်းစပ်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဦးစီးမှူးက စက်မှုဇုန်ဆိုင်ရာ အချက်အလက်များနှင့် စီမံဆောင်ရွက်နေမှု အခြေအနေတို့ကိုလည်းကောင်း၊ ကမ္ဘာကျော်ဓာတ်မြေဩဇာစက်ရုံမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းလည်ပတ်အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေနှင့် တောင်သူများအား ဝန်ဆောင်မှုပေးနေမှုအခြေ အနေတို့ကိုလည်းကောင်း၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များက ကြုံတွေ့နေရသည့် အခက်အခဲများ၊ လက်ရှိလုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက် လက်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ကမ္ဘာကျော် ဓာတ်မြေဩဇာစက်ရုံ၊ May LP Agriculture Co., Ltd. ၏ စပ်မျိုးစပါးထုတ်လုပ်ခြင်း၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့် မျိုးစပါးစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)