Skip to main content

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)မှ စုစုပေါင်းသင်တန်း(၄၁)ကြိမ်တွင် သင်တန်းသား ၉၂၅ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ၇၅၀ မှာ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်လျက်ရှိ

ဘားအံ အောက်တိုဘာ ၁၄

နယ်စပ်ဒေသရှိ ပုံမှန်ပညာသင်ကြားခွင့်မရသော တိုင်းရင်းသားလူငယ်များအတွက် စက်မှုလက်မှုပညာရပ်များဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ဘားအံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းတွင် သင်တန်းများဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ စုစုပေါင်းသင်တန်း (၄၁)ကြိမ်တွင် သင်တန်းသား ၉၂၅ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ၇၅၀ မှာ လုပ်ငန်းခွင်ဝင်ရောက်၍ ရာခိုင်နှုန်းအားဖြင့် ၈၁ ရာခိုင်နှုန်း အလုပ်အကိုင်အခွင့်အလမ်းများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Sustainabridge (SB)တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ယနေ့သင်တန်းဆင်းပွဲတွင် ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၂)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၂)၊ မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ်စဉ်(၁၁)နှင့် ဂဟေသင်တန်းအမှတ်စဉ်(၁၀)တို့မှ စုစုပေါင်း သင်တန်းသား/ သူ ၆၀ သင်တန်းဆင်းခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုသင်ကြားတတ်မြောက်သွားသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို တန်ဖိုးထား၍ ခေတ်နှင့်လျော်ညီသည့် ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးသွားကြစေလိုကြောင်း၊ လုပ်ငန်းခွင်ဝင် ရောက်ကြမည့် သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်တွင်ခိုကပ်မနေဘဲ ကြိုးကြိုးစားစားလုပ်ကိုင်၍ မိမိ၏ဂုဏ်သိက္ခာနှင့် သင်တန်းကျောင်း၏ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ကြစေလိုကြောင်း၊ သင်တန်းမှပို့ချပေးခဲ့သည့်ပညာရပ်များကို လက်တွေ့အသုံးချကာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် Sustainabridge (SB) ဘားအံရုံးမှ အစီအစဉ်ညှိနှိုင်းရေးမှူးတို့က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် တာဝန်ရှိသူများက သင်တန်းထူး ချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ သင်တန်းသားများကိုယ်စား သင်တန်းဆင်းသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့သော စက်ရုံအလုပ်ရုံများနှင့် သင်တန်းဆင်း သင်တန်းသားများ ကိုယ်တိုင်ဆောင်ရွက်ထားသော သင်တန်းဆင်းလက်ရာများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)