Skip to main content

(၁၀၂)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုပေးပွဲ၊ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲနှင့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၃

(၁၀၂)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုပေးပွဲ၊ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲနှင့် (၄၅)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားများကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။

အခမ်းအနားများသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများနှင့် ရုပ်ရှင်အနုပညာရှင်များ တက်ရောက်ကြသည်။

အမှာစကားပြောကြား

ရှေးဦးစွာ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုပေးပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက အမှာစကားပြောကြားရာတွင် မြန်မာ့ရုပ်ရှင်နေ့အား “မေတ္တာနှင့်သူရာ” ရုပ်ရှင်ဇာတ်ကားရုံတင်ပြသခဲ့သည့် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်ကို ဂုဏ်ပြုသတ်မှတ်ခဲ့သည့်အတွက် ယနေ့ဆိုလျှင် နှစ်ပေါင်း (၁၀၂)နှစ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ထူးခြား လေးနက်သည့် နေ့ထူးနေ့မြတ်အခါသမယတွင် မြန်မာ့ရုပ်ရှင်လောကနှင့် ရုပ်ရှင်လောကသား များအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ရုပ်ရှင်အနုပညာရှင်ကြီးနှစ်ဦးကို နိုင်ငံတော်က ရုပ်ရှင်တစ်သက်တာထူးချွန်ဆု ချီးမြှင့်ပေးမည်ဖြစ်သဖြင့် လွန်စွာမင်္ဂလာရှိသည်ဟု ပြောကြားလိုပါကြောင်း၊ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိသူများနှင့် ရုပ်ရှင်သက်ကြီးအနုပညာရှင်များသည် ရုပ်ရှင်လောကသက်တမ်းတစ်လျှောက် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့ကြသူများဟု မိမိတို့အားလုံးက အသိအမှတ်ပြုထားပါကြောင်း။

နိုင်ငံတော်အကြီးအကဲက စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် နယ်ပယ်အသီးသီးမှ အနုပညာရှင်များကို ပညာရှင်များအဖြစ် လေးစားတန်ဖိုးထားကြရန်နှင့် လိုအပ်ချက်များကို ကူညီပံ့ပိုးပေးရန် အမြဲလမ်းညွှန်မှာကြားပါကြောင်း၊ ယခု ရုပ်ရှင်တစ်သက်တာထူးချွန်ဆုကိုချီးမြှင့်ခံရမည့် ပုဂ္ဂိုလ်များသည် အသက် ၈၀ နှင့်အထက်ရှိသူများဖြစ်ပြီး ရုပ်ရှင်လောကတွင် ကျင်လည်လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် သက်တမ်းနှစ် ၅၀ ရှိကြသူများဖြစ်ပါကြောင်း၊ ထို့ပြင် ရုပ်ရှင်လောကနှင့် အဆက်အသွယ်မပြတ်ဘဲ နိုင်ငံတော်အဆင့်ဂုဏ်ထူးဆု (သို့မဟုတ်) ရုပ်ရှင်ထူးချွန်ဆုရရှိသူ၊ အနုပညာကောင်းသတင်းဖြင့် ကျော်ကြားသူများဖြစ်ပြီး ရုပ်ရှင်လောကသားများ၏ဆန္ဒဖြင့် ရွေးချယ်ထားသူများဖြစ်ပါကြောင်း။

ယခင်က ရုပ်ရှင်တစ်သက်တာဆုကို ၂၀၁၀ ပြည့်နှစ်တွင် ဒါရိုက်တာဦးတင်ယုအားလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် စည်သူဗိုလ်ကလေးတင့်အောင်အားလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် အကယ်ဒမီဒေါ်မြင့်မြင့်ခင်အားလည်းကောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အစီအစဉ်ဖြင့် ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ယခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရရှိသည့် ပုဂ္ဂိုလ်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တစ်ဦးလျှင် ရွှေစင်ငါးကျပ်သားရှိရွှေစင်ကြယ်နှင့် အကယ်ဒမီရွှေစင်ရုပ်တုများကို ပေးအပ်ချီးမြှင့်မည်ဖြစ်ပါကြောင်း၊ တိုင်းပြည်နှင့်လူမျိုးအတွက် အနုပညာစွမ်းပကားဖြင့်အကျိုးဆောင်ခဲ့ကြသော အနုပညာရှင်ကြီးများကို ယခုကဲ့သို့ ချီးမြှင့်ခွင့်ရရှိခြင်းအပေါ် ရုပ်ရှင်လောကသားအားလုံးက မုဒိတာပွားနေကြမည်ဟု ယုံကြည်ပါကြောင်း။

ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုပ်ရှင်လောကအကျိုးဆောင်ရွက်နိုင်ရေးအတွက် ဝဇီရာရုပ်ရှင်ရုံကြီးကိုဂုဏ်ပြုခံက ဇာတ်ရုံအဖြစ် အကောင်အထည်ဖော်နေသကဲ့သို့ အမျိုးသားဖလင်မော်ကွန်းတိုက်ကြီးတစ်ခုတည်ဆောက်ပြီး ရုပ်ရှင် ဖလင်များ၊ မှတ်တမ်းရုပ်ရှင်ဖလင်များကို စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပဒေသာကပွဲကြီးကိုလည်း အနုပညာရှင်များ စုပေါင်းပါဝင်တင်ဆက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိဂုံးချုပ်အားဖြင့် သမိုင်းအစဉ်အလာကောင်းခဲ့သည့် မြန်မာ့ရုပ်ရှင်သမိုင်းကြောင်းကို ရုပ်ရှင်အနုပညာရှင်အားလုံးက လက်ဆင့်ကမ်းထိန်းသိမ်းသယ်ပိုးပေးကြပါရန်နှင့် မြန်မာ့ရုပ်ရှင် တစ်ခေတ်ဆန်းသစ်လာအောင် စည်းလုံးညီညွတ်စွာ စုပေါင်းဖော်ဆောင်ပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ပေးအပ်ချီးမြှင့်

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင် စည်သူဦးကြည်စိုးထွန်းက ရုပ်ရှင်တစ်သက်တာဆုပေးအပ်ရခြင်းနှင့် ဆုများရွေးချယ်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိသူ အကယ်ဒမီညွန့်ဝင်းအား ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရှင် စည်သူဒေါ်မြင့်မြင့်ခင်ကလည်းကောင်း၊ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိသူ အကယ်ဒမီအောင်လွင်အား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကလည်းကောင်း ရွှေစင်ငါးကျပ်သားရှိ ရွှေစင်ကြယ်နှင့် အကယ်ဒမီရွှေစင်ရုပ်တုများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ရုပ်ရှင်တစ်သက်တာဆုရ အကယ်ဒမီအောင်လွင်က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့သည်။

လှည့်လည်ကြည့်ရှု

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အဖြစ် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် နာယကများက မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဋ္ဌ(၁) ဦးအေးကြူလေးက ပြတိုက်ဖြစ်ပေါ်လာပုံအကြောင်းနှင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် (၁၀၂)ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၅)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က နှုတ်ခွန်းဆက်စကားနှင့် မုဒိတာစကားများပြောကြားကြပြီး သက်ကြီးရုပ်ရှင် အနုပညာရှင်များအား ပူဇော်ကန်တော့ကြသည်။

ဆက်လက်၍ သက်ကြီးအနုပညာရှင်များအတွက် အလှူငွေပေးအပ်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၅၀၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းမိသားစုများက အလှူငွေကျပ်သိန်း ၃၀ ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အလှူရှင်များက ကျပ်သိန်း ၁၅၀ နှင့် Forever Group Co.,Ltd က ငွေကျပ် ၇၃၅၀၀၀၀ တို့ကို လှူဒါန်းရာ နာယကများနှင့် အမှုဆောင်များက လက်ခံရယူကြသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် ပထမဆုံးမြန်မာ့ရုပ်ရှင်ဇာတ်ကား “မေတ္တာနှင့်သူရာ” ကို ရုံတင်ပြသခဲ့သည့် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်၍ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားများကို ကျင်းပခဲ့ရာ ယခုအကြိမ်သည် (၄၅)ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ယခုနှစ် မြန်မာ့ရုပ်ရှင်နေ့တွင် ရုပ်ရှင်သက်ကြီးပူဇော်ပွဲနှင့်အတူ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုချီးမြှင့်ပွဲနှင့် မြန်မာ့ရုပ်ရှင်သမိုင်း ပြတိုက်ဖွင့်ပွဲတို့ကိုပါ ဂုဏ်ယူစွာကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးဆောင်ရွက်

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း နာယကဦးကျော်ဆန်း၊ ဥက္ကဋ္ဌဦးညွန့်ဆွေနှင့် အလုပ်အမှုဆောင်များအားတွေ့ဆုံ၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရ အကယ်ဒမီဦးအောင်လွင်နှင့် ရုပ်ရှင်အနုပညာရှင်များအား ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

သတင်းစဉ်