ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၉ ရက်နေ့)တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် ထင်ရှားကျော်ကြားသည့် တန်ခိုးကြီးဘုရားပွဲတော်တစ်ခု ဖြစ်သည့်အားလျော်စွာ ဘုရားဖူးခရီးသည်များ မပြတ်ရှိနေပြီး ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တို့ဆုံပါက တောင်လုံးညွတ်မျှစည်ကားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်မြင့်မားနေသည့် ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသွားအလာ၊ လူစုလူဝေးတို့ကို ကန့်သတ်ခဲ့ရသည့်အတွက် ယခုကဲ့သို့ ပြန်လည်ဖြေလျှော့လာနိုင်သည့်ကာလတွင် နိုင်ငံတစ်ဝန်းရှိ ဘုရားပုထိုးများနှင့် အပန်းဖြေရာနေရာများတွင် ကုသိုလ်ယူ၊ အပန်းဖြေသူများနှင့် ပြန်လည်စည်ကားလာသည်။
ဝါကျွတ်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ဘုရားကျောင်းကန်များ၌ ကုသိုလ်ယူသူများ၊ အပန်းဖြေစခန်းများတွင် အပန်းဖြေအနားယူသူများ ပြန်လည်စည်ကားလာသည့်အပေါ် NUG ၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက အမျက်သိုရန်ငြိုးဖွဲ့ကြသည်။ ပြည်သူအများ အေးချမ်းပျော်ရွှင်မှုကိုမလိုလား၊ မရှုဆိတ်နိုင်ကြသည့်အလျောက် ပြည်သူလူထုအတွင်း အကြောက်တရားများဖြစ်ပေါ်လာအောင် ခြိမ်းခြောက်မှုများကိုလည်း တွင်တွင်ပြုလုပ်ကြသည်။ အောက်တိုဘာလ ၁၂ ရက်နေ့တွင်မူ အကြမ်းဖက်သမားတို့၏ ရက်စက်ယုတ်မာမှုနှင့် မိုက်မဲမှုတို့က ကမ်းကုန်သွားသည်။ အများပြည်သူဘုရားဖူး ကုသိုလ်ယူ မည့်သာသနာ့နယ်မြေပေါ်တွင် အကြမ်းဖက်သမားတို့၏လက်ချက်ဖြင့် သွေးမြေကျရသည်။ အပြစ်မဲ့ပြည်သူ အမျိုးသမီးသုံးဦး သေဆုံးခဲ့ရသည်။ အမျိုးသားကိုးဦးနှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ဒဏ်ရာများ ရရှိခဲ့သည်။ အချိန်အခါ၊ နေရာဒေသအားဖြင့် ဤသို့သော ဖြစ်ရပ်မျိုး ဖြစ်လာမည်ဟူ၍ အများပြည်သူအနေဖြင့် မျှော်လင့်ထားကြမည်မဟုတ်သော်လည်း ဘုရားပွဲတော်ကာလ သာသနာ့မြေပေါ်ရောက်ရှိလာသည့် ဘုရားဖူးပြည်သူများကို လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ အကြမ်းဖက်တံခွန်ထူပြလိုက်သည်။
လက်နက်ကိုင်ဆောင်ထားခြင်းမရှိသည့် အပြစ်မဲ့ပြည်သူ များအပေါ်စစ်ရေးနှင့် မသက်ဆိုင်သည့်နေရာတွင် ၎င်းအကြမ်းဖက်သမားတို့ ကျူးလွန်ခဲ့သည့်လုပ်ရပ်တို့က စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ရာရောက်သည်။ ထို့အပြင် ယဉ်ကျေးသည့် လူ့အသိုက်အဝန်းအားလုံး၊ ဘာသာသာသနာအားလုံး၊ လူမှုအဖွဲ့အစည်းအားလုံးကလည်း လက်မခံ၊ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြ၊ ရှုတ်ချကြသည်။ ဘုရားဖူးတောင်တက်ကားဂိတ်ကို လက်နက်ကြီးငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြသည့် အကြမ်းဖက်သမားတစ်ဒါဇင်ခန့်၏ နောက်တွင် ၎င်းတို့အား သင်ကြားပေးသူ၊ ပံ့ပိုးပေးသူအဖွဲ့အစည်းလည်းရှိနေရာ ယခုကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုလုပ်ရပ်အတွက်လည်း အဓိကတာဝန်ရှိသူပင်ဖြစ်သည်။
နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုလုပ်နိုင်သည့်အခါ စစ်ရေးပေါ်ပေါက်လာသည်။ စစ်ရေးဆောင်ရွက်ရာတွင် ပြည်သူလူထုအပေါ် အကြမ်းဖက်ခြင်း နည်းလမ်းဟူသမျှ မပြုလုပ်ဘဲ ရှောင်ရှားကြရန်လိုသည်။ အေးချမ်းစွာဘုရားဖူးလာသည့် ပြည်သူများကို သာသနာ့နယ်မြေအတွင်း အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် ယခုဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သူများကို သက်ဆိုင်ရာတို့က အမြန်ဆုံးစစ်ဆေးဖော်ထုတ်ကာ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်