နေပြည်တော် အောက်တိုဘာ ၁၃
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့ညနေပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပသည့် ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။
အဆိုပါ ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု ဇေယျာသီရိရုပ်စုံအဖွဲ့က “ငါးပါဒအက္ခရာ” ဇာတ်တော်ကြီးကို ကကြိုးကကွက် စုံလင်စွာဖြင့်သရုပ်ဖော် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယကသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့များနှင့်အတူ ကြည့်ရှုအားပေးကြသည်။
မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ၁၉၉၃ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ၁၉၉၈ ခုနှစ်ပြိုင်ပွဲမှာ ရုပ်စုံသဘင်ပြိုင်ပွဲအဖြစ် “ဝိဓူရ” ဇာတ်တော်ကြီးဖြင့် စတင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ အချိန်ကာလအတိုင်းအတာတစ်ခုအထိ တိမ်မြုပ်ပျောက်ကွယ်နေခဲ့သည့် ရုပ်သေးပညာပြန်လည်ပြီး တစ်ခေတ်ဆန်းသစ်လာခဲ့ကြောင်း၊ အကြောင်းကြောင်းကြောင့် ကျင်းပခြင်းမပြုနိုင်ခဲ့သည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးနှင့်အတူ ရုပ်သေးအနုပညာရပ်သည် တိမ်မြုပ်ပျောက်ကွယ်သကဲ့သို့ ဖြစ်နေခဲ့ရပြီး ယခုကျင်းပသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရန်နှင့် မြန်မာ့ရုပ်သေးပညာရပ်၊ မြန်မာ့ရုပ်စုံပညာရပ်များ ပြန်လည်ဖော်ထုတ်နိုင်ရန် ထည့်သွင်းကျင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။