Skip to main content

စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာရှိ သစ္စာရွှေဂူဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော် ဥူးကောဏ္ဍညအား PDF အမည်ခံအကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်၍ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်တစ်စီးအား လုယက်ယူဆောင်

နေပြည်တော် အောက်တိုဘာ ၁၃

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။

ထိုသို့ ပြုလုပ်လျက်ရှိရာတွင် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာရှိ သစ္စာရွှေဂူဘုန်းကြီး ကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ခန်းနေဆရာတော် ဥူးကောဏ္ဍည သက်တော်(၅၀)နှစ် ဝါတော်(၂၀)ဝါသည် ဆားတောင်မြို့ပေါ်ရပ်ကွက်များသို့ ဆွမ်းခံရန်အတွက် ဘုန်းကြီးကျောင်းပိုင် ယာဉ်အမှတ်(စိစစ်ဆဲ) Hijet အဖြူရောင်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ဘုန်းကြီးကျောင်းရှေ့လမ်းပေါ်အရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဦးခေါင်းအား ဖြတ်၍ အဆိုပါကျောင်းရှေ့ လမ်းမပေါ်တွင်ထားခဲ့ပြီး Hijet အဖြူရောင်ယာဉ်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်သမားများ၏ ရက်စက်စွာပစ်ခတ်သတ်ဖြတ်မှုကြောင့် ဆရာတော် ဥူးကောဏ္ဍညတွင် ဦးခေါင်းပြတ်လျက် သေနတ်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ ပျံလွန် တော်မူသွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ အကြောင်းမဲ့အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၆ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အထက်ပါ ဖြစ်စဉ်မှ သာသနာ့အနွယ်ဝင် သံဃာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။