နေပြည်တော် အောက်တိုဘာ ၁၃
၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံကကြီးမှူး၍ (၂၈)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC)ဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၊ Sokha Phnom Penh Hotel ၌ ကျင်းပပြီး အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Samdech HUN SEN တက်ရောက်၍ ဖွင့်လှစ်ပေးသည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများနှင့် အာဆီယံအထွေထွေအတွင်းရေမှူးချုပ်တို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးဖြစ်သူ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို ဦးဆောင်၍ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးဖြစ်သည့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဒုတိယပါမောက္ခချုပ် ဒေါ်ဌေးဌေးဆွေတို့ တက်ရောက်ကြသည်။
(၂၈)ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ပညာရေး၊ လူငယ်နှင့်အားကစားဝန်ကြီးဌာနဝန်ကြီး H.E Dr. Hang Chuon Naron က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ချမှတ်ထားသော Theme ဖြစ်သည့် ASEAN A.C.T: Addressing Challenges Together ဟူသည့် ဆောင်ပုဒ်နှင့်အညီ အာဆီယံတန်ဖိုးများဆီသို့ အတူတကွ လက်တွဲလျှောက်လှမ်းရန် ယုံကြည်မှုရှိပါကြောင်း၊ ပဏာမခြေလှမ်းများဖြစ်သည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများ၊ သဘာဝဘေးအန္တရာယ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်သာတူညီမျှမှုရှိသော ကောင်းမွန်သည့်ပညာရေး စနစ်ရရှိရေး၊ စွမ်းအင်နှင့်စားနပ်ရိက္ခာဖူလုံရေး၊ သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးပြဿနာများအပါအဝင် အနာဂတ်စိန်ခေါ်မှုများကို အတူတကွတုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
(၂၈)ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများ အစည်းအဝေး၌ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အကြိမ်(၄၀)မြောက်နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့ တင်ပြမည့် အစီရင်ခံစာများအား အတည်ပြုခြင်း၊ (၂၈) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ၏ ပူးတွဲကြေညာချက် (မူကြမ်း)ကို အတည်ပြုခြင်း၊ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်လျက်ရှိသည့် ဦးစားပေးလုပ်ငန်းများ တိုးတက်မှုအခြေအနေနှင့် အကြိမ်(၄၀)မြောက်နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့တင်သွင်း၍ အတည်ပြုမည့်မှတ်တမ်းမှတ်ရာ(၁၁)ခုနှင့် မှတ်တမ်းတင်မည့် မှတ်တမ်းမှတ်ရာ(၂၀)ခုတို့ကို ဆွေးနွေးခြင်း၊ (၂၈) ကြိမ်မြောက်အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီအစည်းအဝေး၏ မှတ်တမ်းအကျဉ်းချုပ်ကို အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးကိုကိုက ASCC အတွက် တိကျသည့် မဟာဗျူဟာကို ဖော်ဆောင်ရန် ASEAN Comprehensive Recovery Framework and the Hanoi Declaration of ASEAN Community post 2025 Vision အတွက် ကဏ္ဍစုံ၊ မဏ္ဍိုင်စုံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်မိပါကြောင်း၊ အာဆီယံစည်းမျဉ်းစည်းကမ်း၊ နည်းလမ်းများနှင့်အညီ မိမိတို့အချင်း ချင်းပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ထောက်ပံ့ဆောင်ရွက်မှုများကြောင့် မိမိတို့သည် ၂၀၂၅ ခုနှစ် အာဆီယံအသိုက်အဝန်းသို့ သွားရောက်နေသည့် လမ်းကြောင်းတစ်ဝက်တွင် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် ASCC အသိုက်အဝန်း ထုဆစ်ပုံဖော်ရာတွင် အထောက်အကူပြုစေနိုင်သည့် လှုပ်ရှားဆောင်ရွက်မှုများအားလုံးနှင့် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ရန်ချမှတ်ထားသော ဦးစားပေးနယ်ပယ်များနှင့် အစီအစဉ်များကို ထောက်ခံပါကြောင်း၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်း၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့ကို အားကောင်းစေမှုအား ကြိုဆိုပါကြောင်း၊ ထို့ပြင် အကြိမ်(၄၀)မြောက်နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများတွင် တင်သွင်းမည့် ကြေညာစာတမ်းများကိုလည်း မြန်မာနိုင်ငံမှ ထောက်ခံပါကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)