လူ့သမိုင်းတစ်လျှောက်လုံးတွင် လူသားတို့သည် အဆင့်ဆင့်သော ပြောင်းလဲမှုများကို ဖြတ်သန်းလာခဲ့ရပြီး လူသားတို့၏အသိဉာဏ် တိုးတက်လာသည်နှင့်အမျှ တိုးတက်ပြောင်းလဲမှုများသည်လည်း အရှိန်အဟုန်မြင့်မားလာခဲ့ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသော အရာများအပေါ်တွင် သက်ရောက်မှုရှိသော စက်မှုတော်လှန်ရေး သည်လည်း လူ့သမိုင်း၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။
စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းသည်လည်း နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး တိုးတက်လာမှုကို အဓိကတွန်းအားပေးသော အရာဖြစ်သည်ဟု ပညာရှင်များက မှတ်ယူကြပေသည်။ နိုင်ငံများကို ယေဘုယျအားဖြင့် ဝင်ငွေနိမ့်ကျသောနိုင်ငံ (Low income incountry)၊ ဝင်ငွေအလယ် အလတ်ရှိသောနိုင်ငံ (Middle income incountry)၊ ဝင်ငွေမြင့်မားသောနိုင်ငံ ( High income incountry) ဟူ၍ ခွဲခြားသတ်မှတ်ကြပါသည်။ ထို့အပြင်နိုင်ငံတစ်နိုင်ငံ၏ တိုင်းပြည်ဝင်ငွေ(သို့) စုစုပေါင်းတိုင်းပြည် ထုတ်ကုန် (GNP)၊ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) တို့ကို စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းဟူသော အမျိုးအစားများခွဲကာ မည်သည့်နိုင်ငံသည် မည်သည့်အမျိုးအစားဖြစ်သော စီးပွားရေးလုပ်ငန်းများ အများဆုံးပါဝင်သည်ကို လေ့လာသုံးသပ် ကြပါသည်။
စက်မှုထွန်းကားသော ခေတ်နှင့်အညီ စက်မှုထွန်းကားအလွန် ခေတ်ဟူ၍လည်း လုပ်သားထုတ်လုပ်မှု ရှုထောင့်မှလည်း လေ့လာသုံးသပ်ကြပါသည်။ စက်မှုထွန်းကား လာခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးပေါ်တွင်သာမကပဲ လူသားတို့၏ အသက်ရှင် ရပ်တည်ရေး၊ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲလာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ အပေါ်တွင် ဆိုးရွားစွာ သက်ရောက်လာခြင်း၊ နိုင်ငံတွင်းနှင့် နိုင်ငံများအကြား မညီမျှမှုများကို ပိုမိုကြီးထွားလာခြင်း အစရှိသော ပြဿနာများနှင့် ပတ်သက်ဆက်နွယ်မှုရှိကြောင်းကို တွေ့ရှိရပါသည်။ ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်ရေး ဟူသောစကားသည် အလွန်ရေပန်းစားကာ လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်း သုံးစွဲကြပေသည်။ ထိုအထဲတွင်မှ အမျိုးအစားများခွဲခြားကာ စီးပွားရေး တိုးတက်မှု၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု စသည်ဖြင့် ခွဲခြားကာ လေ့လာဆန်းစစ်လျက် ရှိပါသည်။ ဖွံ့ဖြိုးတိုးတက်မှုဟူသော စကားလုံးကို အဓိပ္ပါယ်အမျိုးမျိုးဖြင့် ရှုထောင့်အမျိုးမျိုးမှ ဖွင့်ဆိုကြပါသည်။ အခြေခံအကျဆုံးသော အဓိပ္ပါယ်တစ်ခုမှာ မူရင်းရှိရင်းစွဲ အခြေအနေတစ်ခုမှ ပိုမိုကောင်းမွန်သော အခြေအနေတစ်ခုဆီသို့ ပြောင်းလဲဖြစ်စဉ်ဟု ဆိုရပေလိမ့်မည်။ ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာအောင် ဖော်ဆောင်ဆောင်ရွက်ရာတွင် နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် ၎င်းတို့၏ ဦးစားပေးအရာများ၊ မဟာဗျူဟာများနှင့်မူဝါဒများ ရှိကြပေသည်။ ထိုမူဝါဒများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အဖက်ဖက်မှ ချင့်ချိန်စဉ်းစားပြီး အကောင်းဆုံးနှင့် အမှန်ကန်ဆုံး ဖြစ်ရန်လိုအပ်လျက်ရှိပါသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင်လည်း လူနည်းစု အရင်းရှင်များအတွက်သာ အကျိုးရှိသော ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများ မဖြစ်အောင် အခြေခံလူတန်းစားများ၏ အကျိုးစီးပွားကိုပါ ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးနိုင်သော မူဝါဒများ ဖြစ်ရန်လည်း လိုအပ်ပေသည်။ ထိုဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ရန်လည်း လိုအပ်ပါသည်။
၂၀၁၅ အလွန်ကာလသို့ ရောက်ရှိလာသောအခါ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖြည့်စွက်စဉ်းစား လာကြပြီး ၂၀၃၀ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများ အမည်ရှိသော (၁၇) ချက်ပါဝင်သော သဘောတူညီချက်တစ်ရပ်ကို အတည်ပြု ဆုံးဖြတ်ခဲ့ကြပေသည်။ ထိုအချက် (၁၇) ချက်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ငတ်မွတ်ခေါင်းပါးမှု မရှိစေရေး၊ ကောင်းမွန်သောကျန်းမာရေး စောင့်ရှောက်မှုရရှိစေရေး၊ အရည်အချင်းပြည့်ဝသော ပညာရေးရရှိရေး၊ ကျား/မ တန်းတူညီမျှမှုရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေး၊ လူတိုင်းလက်လှမ်းမီမှုရှိပြီး သန့်ရှင်းသော စွမ်းအင်ရရှိရေး၊ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့် စီးပွားရေးဖွံ့ဖြိုးမှုရရှိရေး၊ စက်မှုလုပ်ငန်း ဆန်းသစ်တီထွင်မှုနှင့် အခြေခံအဆောက်အအုံ မြှင့်တင်ရေး၊ မညီမျှမှုများ လျော့နည်းသွားစေရေး၊ ရေရှည်တည်တံ့သော မြို့ပြဒေသများနှင့် ကျေးလက်လူမှု အဖွဲ့အစည်းများထူထောင်ရေး၊ တာဝန်သိသောစားသုံးမှု ပုံစံဖြစ်ပေါ်လာစေရေး၊ ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး၊ ရေအောက်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြေပေါ်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေး၊ ရည်မှန်းချက်များ အားလုံးအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ပါသည်။
ရေရှည်တည်တံ့ဖွံ့ဖြိုးမှုဆိုသည်မှာ လူမှုကမ္ဘာနှင့်သဘာဝကမ္ဘာကို လူသားတို့၏ အတွေးအခေါ်များနှင့် လုပ်ရပ်များအပေါ် အမှီသဟဲပြုလျက် အခြေအနေကို ဖန်တီးခြင်းဖြစ်ပေသည်။ လူသားတို့၏ အတွေးအခေါ်နှင့် လုပ်ရပ်များသည် သိပ္ပံပညာရပ်နှင့်အတူ တဖြည်းဖြည်း တိုးတက်လာခဲ့သော်လည်း သဘာဝ ကမ္ဘာအတွက်တွင်မူ အနုတ်သဘောဆောင်မှုများသာ ဖြစ်ပေါ်လာခဲ့ပါသည်။ စက်မှုလုပ်ငန်းများ တိုးတက်ထွန်းကားလာပြီး လူသားတို့၏ လူနေမှုအဆင့်အတန်းများနှင့် လိုအင်ဆန္ဒများကို အလွယ်တကူပြည့်ဝလာခဲ့သော်လည်း ထိုစက်မှုလုပ်ငန်းများ တိုးတက်လာခြင်းကြောင့် လူမှုကမ္ဘာတွင်လူသားများ၏ ကျန်းမာရေးပြဿနာများ၊ မညီမျှသော လူမှုရေးပြဿနာများအပြင် လူသားများအပေါ် အဓိကရိုက်ခတ်လာသော သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများ၊ ဂေဟစနစ်များဆိုးရွားစွာ ပျက်ဆီးခြင်းများ စသော သဘာဝကမ္ဘာမြေပျက်ဆီးခြင်း၏ အကျိုးဆက်ကို လူသားများက ခံစားရပါသည်။ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းကို လူမှုစီးပွားရေးနှင့် ဂေဟဗေဒတို့၏ ရှုထောင့်မှလည်း လေ့လာကြပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန်အတွက် မည်ကဲ့သို့ပြုမူလုပ်ဆောင်ရမည်ကို ပညာရှင်များက အကြံပြုကြပါသည်။ ကမ္ဘာလူဦးရေသည် တစ်နေ့ထက်တစ်နေ့ တိုးတက်လာခဲ့ပြီး စိုက်ပျိုးထုတ်လုပ်ရေးသည်လည်း နှစ်ဆခန့် တိုးတက်လာခဲ့ပေသည်။ ထို့ကြောင့် စက်မှုလုပ်ငန်းများ တိုးတက်လာခြင်းကြောင့် သက္ကရာဇ် ၁၉၀၀ မှစတင်ကာ ကမ္ဘာ့စီးပွားရေးသည်လည်း နှစ်စဉ် (၃) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါသည်။ ထိုကဲ့သို့တိုးတက်လာသည်နှင့်အမျှ သဘာဝအရင်းမြစ်များဖြစ်သော သတ္တုများနှင့် စွမ်းအင်သုံးစွဲမှုနှုန်းများလည်း မြင့်တက်လာခဲ့ပါသည်။ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ပါဝင်မှုသည်လည်း ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိမြင့်တက်လာခဲ့ပါသည်။ ရေထုနှင့် မြေထုထဲတွင် နိုက်ထရိုဂျင်နှင့် ဖော့စဖိတ် ပါဝင်မှုနှုန်းသည်လည်း ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့ပြီး ရေအရင်းမြစ် ညစ်ညမ်းမှုများနှင့် မြေဆီလွှာပျက်ဆီးမှုများကိုပါ ဖြစ်ပေါ်စေခဲ့ပါသည်။
ဆင်းရဲနွမ်းပါးမှုပြဿနာသည် တစ်ကမ္ဘာလုံးရင်ဆိုင်နေရသော ကမ္ဘာလုံးချီ ပြဿနာတစ်ခု ဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးမှုဟူသောစကား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလည်း အမျိုးမျိုးသော ရှုထောင့်မှ ဖွင့်ဆိုကြပါသည်။ ဆင်းရဲနွမ်းပါးမှုကိုလျော့ချရာတွင် အဓိကအရေးပါသော အရာသုံးခုမှာ (၁) ဝင်ငွေ၊ (၂) ရုပ်ဝတ္ထုချို့တဲ့မှုနှင့် (၃) စွမ်းရည်ချို့တဲ့မှုတို့ ဖြစ်ပါသည်။ ထိုဆင်းရဲနွမ်းပါးမှုသည် ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသော အရာဟု ဘောဂဗေဒပညာရှင်အများစုက ယူဆကြပါသည်။ ထို့ကြောင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ဆင်းရဲနွမ်းပါးမှုအပေါ် သက်ရောက်မှုများစွာ ရှိနေသည်ဟုလည်း လေ့လာတွေ့ရှိရပါသည်။ ကောင်းမွန်သောအစိုးရ၊ အကျိုးရှိသော မူဝါဒများ၊ မှန်ကန်သော အုပ်ချုပ်မှုနည်းစနစ်များ အစရှိသော အုပ်ချုပ်ရေးမဏ္ဍိုင်၏ အရေးပါမှုသည်လည်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းက ဆင်းရဲနွမ်းပါးမှုအပေါ် အပေါင်းလက္ခဏာ သက်ရောက်ခြင်းလား၊ အနုတ်လက္ခဏာ သက်ရောက်ခြင်းလား ဟူသည်ကို အဓိကအဆုံးအဖြတ်ပေးနေပေသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အလယ်အလတ်တန်းစား လူဦးရေ တိုးပွားလာအောင်ပြုလုပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ခြင်း၊ အခြေခံ အဆောက်အအုံများကို စနစ်တကျတိုးပွားစေခြင်း၊ သဘာဝပတ်ဝန်းကျင်အပေါ်တွင် သက်ရောက် မှုနည်းနိုင်သမျှ အနည်းဆုံးဖြစ်စေခြင်း၊ မျှတသောယှဉ်ပြိုင်မှုကို အားပေးခြင်း စသောအရာများကို ဦးတည်ခြင်းမရှိဘဲ လူနည်းစုအရင်းရှင်များသာ ကြီးပွားစေခြင်း၊ လူလတ်တန်းစားများကို ပိုမိုဖိနှိပ်မှုများဖြင့် လူတန်းစားကွာဟမှုများကို ပိုမိုဖြစ်ပွားစေခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများကို လျစ်လျူရှုမှုများပြုမူခြင်း စသော လူ့အဖွဲ့အစည်းအတွင်း အနုတ်လက္ခဏာများကို ဖြစ်ပေါ် စေနိုင်ပါသည်။
စက်မှုလုပ်ငန်းများ တိုးတက်လာခြင်းကြောင့် အလွန်အမင်း မြို့ပြဆန်လာခြင်း၊ ကျေးလက်ဒေသမှ မြို့ပြများဆီသို့ အစုလိုက်အပြုံလိုက်လာခြင်း၊ ကျေးလက်မြို့ပြကွာဟမှု များလာခြင်းတို့သည်လည်း ရေရှည်တည်တံ့မှုသော ဖွံ့ဖြိုးတိုးတက်မှုကို အားနည်းစေသော အဓိကအချက်များအဖြစ် ပါဝင်ပါသည်။ အထူးစီးပွားရေးဇုန်များ၊ အမြန်လမ်းမကြီးများ၊ ရေနက်ဆိပ်ကမ်းများအစရှိသော စက်မှုလုပ်ငန်းများ တိုးတက်လာခြင်း၏ နောက်ဆက်တွဲ အပြုအမူများကြောင့် ကျေးလက်ဒေသနေ ဒေသခံများ၏ လယ်ယာမြေများ မတရားသိမ်းပိုက်ခံရခြင်း၊ သဘာဝဘေးအန္တရာယ်များ ခံစားရပြီး အလုပ်အကိုင်များ ရှားပါးလာခြင်းတို့ကြောင့် မိမိတို့ဒေသများကို စွန့်ခွာကာမြို့ပြများ ဆီသို့လူသားများ ရွှေ့ပြောင်းမှုများ ဖြစ်ပေါ်စေကာ လူနေမှုပိုမိုထူထပ်လာပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအစရှိသော မညီမျှမှုပြဿနာများကို ဖြစ်ပွားစေပါသည်။ ထိုမညီမျှမှုများကြောင့် ကျား/မ တန်းတူညီမျှမှုများကို ပိုမိုကွာဟစေခြင်းများ၊ မှုခင်းများပိုမိုထူပြောလာပြီး လူသားလုံခြုံရေးပါ ထိခိုက်လာစေနိုင်ပါသည်။
သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်မှုစစ်တမ်းစသော သဘာဝပတ်ဝန်းကျင်ပျက်ဆီးမှုကို လေ့လာသော ကြိုးပမ်းအားထုတ်မှုသည်လည်း စက်မှုလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်လာရာတွင် အရေးပါလှပေသည်။ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတွင် စီးပွားရေးစွမ်းဆောင်ရည်မြင့်မားမှု၊ လူမှုရေးတန်းတူညီမျှမှု၊ လူသားများလုံခြုံရေး၊ ဂေဟစနစ်တည်မြဲရေးနှင့် ပြန်လည်ပြုပြင်ရေးတို့ အဓိကပါဝင်ပါသည်။ ထိုကဲ့သို့ အခြေခံတန်ဖိုးများကို ဖော်ဆောင်ပေးရန်အတွက် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက အစိတ်အပိုင်းဖြစ်သော နိုင်ငံစုံကော်ပိုရေးရှင်းကြီးများအား လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံလုပ်ငန်းများအား လုပ်ကိုင်စေခြင်းဖြင့် ရေရှည်တည်တံ့သော စက်မှုလုပ်ငန်းများကို ဖော်ဆောင်နိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ရန်ကုန်)