နေပြည်တော် အောက်တိုဘာ ၁၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်မည့် (Russian Energy Week International Forum) ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ရုရှားနိုင်ငံမော်စကိုမြို့၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ ဖိုရမ်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၏ အတွင်းရေးမှူး မစ္စတာ အလက်ဇန်းဒါး ရှာတီရော့နှင့် အောက်တိုဘာ ၁၀ ရက် ညနေပိုင်းတွင် မော်စကိုမြို့ရှိ Crowne Plaza Hotel တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးသည်။
ထိုသို့ ဆွေးနွေးရာတွင် အတွင်းရေးမှူး မစ္စတာအလက်ဇန်းဒါး ရှာတီရော့က ယခင် ကျင်းပခဲ့သော ဖိုရမ်များတွင် နိုင်ငံအကြီးအကဲများ၏ ဆွေးနွေးမှု နောက်ဆက်တွဲအဖြစ် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံသည် စွမ်းအင်နှင့် ပတ်သက်သော ထွက်ကုန်များ ထုတ်လုပ်သော နိုင်ငံဖြစ်ပါကြောင်း၊ ယခု ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်သို့ လာရောက်တက်ရောက်သည့်အတွက် ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ ဖိုရမ် ကျင်းပရေးကော်မတီဥက္ကဋ္ဌသည်လည်း မကြာမီမြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ပါကြောင်း၊ ယခင်ကျင်းပခဲ့သော ဖိုရမ်တွင် နိုင်ငံတော်အကြီးအကဲများ ဆွေးနွေးခဲ့သောကိစ္စများအတွက် ရုရှား - မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတထံသို့ အပတ်စဉ်အစီရင်ခံ တင်ပြဆောင်ရွက်နေမှုကို ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြန်လည်ဆွေးနွေးရာ၌ နိုင်ငံတော်အကြီးအကဲမှ တာဝန်ပေးစေလွှတ်ခဲ့၍ ဤဖိုရမ်သို့ တက်ရောက်လာခြင်းဖြစ်ပါကြောင်း၊ ဖိုရမ်တွင် ရုရှားနိုင်ငံမှ အဖွဲ့အစည်းများနှင့် စွမ်းအင်ကဏ္ဍ ကိစ္စများသာမက လျှပ်စစ်စွမ်းအားကဏ္ဍ ကိစ္စများကိုပါ ဆွေးနွေးသွားမည်ဖြစ်ပါကြောင်းဆွေးနွေးပြီး ရုရှားနိုင်ငံ ဖိုရမ်ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်အခြေအနေ များကို ညှိနှိုင်းဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးကလည်း ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရေး ကိစ္စများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍနှင့် သက်ဆိုင်သော ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး ရေးကိစ္စများကို ဖြည့်စွက်ဆွေးနွေး သည်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဦးမျိုးမြင့်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့အနီး၊ ကာလုဂါပြည်နယ်ရှိ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်တွင် တည်ထားကိုးကွယ်သည့် ရွှေစည်းခုံပုံတူစေတီတော်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုပြီး မွန်းလွဲပိုင်းတွင် သီတဂူ ဗုဒ္ဓဝိဟာရကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သည့် ဆရာတော်များအား သွားရောက်ဖူးမြော် ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။
ညနေပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီမှ ဥက္ကဋ္ဌ မစ္စတာ အီဗန် ပိုလီကော့ဖ်နှင့်အဖွဲ့က တည်ခင်းဧည့်ခံသည့် အလွတ်သဘော ညစာစားပွဲသို့ တက်ရောက်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံတွင် ရုရုား-မြန်မာ ချစ်ကြည်ရေးပြယုဂ်အနေဖြင့် ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အရေးပေါ်တုံ့ပြန် ရေးစင်တာ (Emergency Respo-nse Center) တည်ထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လာရောက်မည့် ခရီးစဉ်အတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးလိုသည့်ကိစ္စ၊ ရန်ကုန်နယ်နိမိတ်ဧရိယာအတွင်း ရုရုား - မြန်မာ ချစ်ကြည်ရေးအတွက် စက်မှုဇုန်တည်ထောင်၍ စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် စက်ကိရိယာများ ထုတ်လုပ်သွားနိုင်ရေးကိစ္စများ၊ ရုရှားနိုင်ငံမှ စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင်နေသည့်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရေနံရှာဖွေတူးဖော်ခြင်း၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံလုပ်ငန်းသုံးပစ္စည်းများ တင်ပို့ရောင်းချရေးကိစ္စများတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးကိစ္စတို့ကို နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်