Skip to main content

စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၂

ယနေ့ဆွေးနွေးပွဲသည် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပါသော ပုဂ္ဂိုလ်များ၏ ဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ မြို့နယ်ပညာရေးမှူးများ၏ စီမံခန့်ခွဲမှု အရည်အသွေးပေါ် မူတည်၍ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မြို့နယ်ပညာရေးမှူးသည် ပညာရေး ရည်မှန်းချက်များ အောင်မြင် ပေါက်မြောက်အောင် အကောင်အထည်ဖော်ရာတွင် အခရာ ဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားသည်။

မြို့နယ်ပညာရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေး ဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ထိုသို့ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက မြို့နယ်ပညာရေးမှူး တစ်ယောက်သည် ကိုယ့်မြို့နယ် ပညာရေး တိုးတက်ရန်အတွက် အဓိက တာဝန်ရှိသူဖြစ်၍ မိမိကိုယ်ကိုယ် အရည်အသွေး မြင့်မားအောင် ဆောင်ရွက်သလို မိမိနှင့်အတူ တွဲလုပ်ကြရသည့် ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ အရည် အသွေးမြင့်အောင် ဆောင်ရွက်ပေးရန်လည်း လိုပါကြောင်း၊ ကျောင်းသားကျောင်းသူများ၏ သင်ကြား သင်ယူမှုကောင်းမွန်ရေးအတွက် ကျောင်းများတွင် သင်ကြားနေမှုများကို ကွင်းဆင်း ကြည့်ရမည်ဖြစ် ပါကြောင်း၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံချက်ရေးဆွဲပြီး ဆောင်ရွက်ကြရန် လိုပါကြောင်း၊ မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် ရေးဆွဲပါက ကိန်းဂဏန်း အချက်အလက်များက ယုံကြည်ကိုးစားနိုင်ရန် လိုအပ်ပါကြောင်း၊ ကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ပညာရေးဝန်ထမ်းများ၏ အရည်အသွေးမြင့်မားရေး၊ စီမံခန့်ခွဲမှု ပိုမိုအားကောင်းလာစေရေး တို့ကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပညာရေး လုပ်ငန်းဆောင်ရွက်ရာတွင် မိဘပြည်သူများ၊ ရပ်ရွာလူထုများ ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ယနေ့ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်ဖြစ်သည့် ပညာရေး ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားရန်၊ စီမံခန့်ခွဲမှုများ ပိုမိုအားကောင်းလာစေရန်အတွက် စုပေါင်းတိုင်ပင် ဆွေးနွေး ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဆွေးနွေးပွဲအပြီး မိမိတို့ တာဝန်ကျရာ ဒေသများသို့ ရောက်သည့်အခါ မိမိတို့မြို့နယ်၊ ရပ်ရွာဒေသများ၏ ပညာရေး တိုးတက်မြင့်မားအောင် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း ပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ် အတိုင်း ဆက်လက်ကျင်းပကြသည်။

အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့မှ အောက်တိုဘာ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်